ကျောက်မဲ နိုဝင်ဘာ ၁၇
ကျောက်မဲမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ အမှတ် ၁ ရပ်ကွက် ကြယ်ဖြူပရဟိတအဖွဲ့မောင်နှမများမှ ယမန်နေ့ကအလှူငွေ ၁၅၀၀၀၀/-(တစ်သိန်းငါးသောင်းကျပ်) နှင့် Mask ၁၂ ဘူးကို သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကြယ်ဖြူပရဟိတအဖွဲ့သည် ကျောက်မဲမြို့၊ အမှတ် ၁ ရပ်ကွက်မှ လူငယ်များဖြင့် ဖွဲ့စည်းထားပြီး အဖွဲ့ဝင် ၁၂ ဦးရှိကာ နိုဝင်ဘာ ၈ ရက်နေ့က ကျောက်မဲသုဿန်တွင် အသုံးပြုရန် ငွေကျပ် ၇ သိန်းကျော် တန်ဖိုး ရှိ ကျောက်ထိုင်ခုံ ၃၄ လုံး၊ ကျောက်စားပွဲ ၁ လုံးကို စည်ပင်သာယာရေးဌာနသို့ လှူဒါန်းခဲ့သည်။
အလားတူ အဆိုပါပရဟိတအဖွဲ့သည် ဘော်ကြိုဘုရားတွင် အသုံးပြုရန် ကျောက်စားပွဲ ၅ စုံ လှူဒါန်းမှုများရှိခဲ့ပြီး၊ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း သံဃာတော်များအတွက် အောင်မြေသာယာ ဘုန်းတော်ကြီးကျောင်းများသို့ ငွေကျပ် ၉ သိန်းကျော်တန်ဖိုးရှိ ဆန်၊ ဆီ ရိက္ခာများလှူဒါန်းခြင်း၊ မြို့ပေါ်ရပ်ကွက်များရှိ ဝင်ငွေနည်း ပြည်သူအိမ်ထောင်စု ၃၂၀ စုတို့အတွက် အခြေခံ စားသောက်ကုန်များ ထောက်ပံ့လှူဒါန်းခြင်းနှင့် Mask များကို အခမဲ့ပေးဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း ကြယ်ဖြူပရိဟိတအဖွဲ့ဝင်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)