မိုးနဲ နိုဝင်ဘာ ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင် မိုးနဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ၊ ကာကွယ်၊ ထိန်းချုပ်ရေး ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများ တစ်ဖက်တစ်လှမ်းမှ အထောက်အကူ ဖြစ်စေရေးအတွက် နိုင်ငံတော်မှ တစ်အိမ်ထောင်စုလျှင် ငွေကျပ် ၂၀၀၀၀ နှုန်းစီကို စတုတ္ထအကြိမ်အဖြစ် ထောက်ပံ့ပေးလျက်ရှိရာ ယနေ့နံနက် ၈ နာရီအချိန် က မြို့နှင့်အလှမ်း ဝေးသော နောင်လိုင်ကျေးရွာ အုပ်စုအတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများထံသို့ ထောက်ပံ့ငွေများ သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
ထောက်ပံ့ငွေပေးအပ်ရာတွင် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးထက်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများက နောင်လိုင်ကျေးရွာအုပ်စုအတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု (၅၁) စုကို နိုင်ငံတော်မှ ထောက်ပံ့ငွေကျပ် (၂၀၀၀၀)နှုန်းစီကို အိမ်တိုင်ရာရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြသည်။
မိုးနဲမြို့နယ်တွင် (ကျိုင်းတောင်းမြို့အပါအဝင်) ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုပေါင်း ၈၅၀ စုရှိပြီး ကျန်ရှိနေ သေးသည့် ကျေးရွာအုပ်စုများသို့လည်း ဆက်လက်ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
မျိုးညွန့်ရွှေ (မိုးနဲ)