ရွှေကူ ဖေဖော်ဝါရီ ၂၃
ကချင်ပြည်နယ်၊ အစိုးရအဖွဲ့မှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးကျော်ကျော်ဝင်းနှင့် အဖွဲ့သည် ယမန်နေ့ ညနေ ၃ နာရီက ရွှေကူမြို့နယ်သို့ ရောက်ရှိခဲ့ပြီး မံဝိန်းကျေးရွာအုပ်စု၊ တုံးကောက်ကျေးရွာ တောင်သူဦးချိုအေး၏ ဆောင်းပဲမျိုးစုံ စံပြစိုက်ကွက်တွင် စိုက်ပျိုးထားသော သီးနှံအခြေအနေများအား ကြည့်ရှုခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့သည်။
ဆက်လက်၍ ဝန်ကြီးနှင့်အဖွဲ့သည် စီသောင်ကျေးရွာသို့ သွားရောက်ပြီး အာရှအောင်မြင် ဖွံ့ဖြိုးမှုကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိသော စီသောင် ကျေးရွာနှင့် နောင်မိုကျေးရွာများတွင် ပေါင်းနက်ချောင်း ကျောက်စီရေကာနံရံပြုလုပ်ခြင်း လုပ်ငန်းစီမံကိန်းဆိုင်ရာ အချက်အလက်များကို သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ရာ တာဝန်ရှိသူများက ရှင်းလင်းတင်းပြခဲ့ပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ သည်။
ယင်းနောက် ဝန်ကြီးနှင့်အဖွဲ့သည် ရွှေကူမြို့နယ် နောင်လက်ကြီးကျေးရွာအနီးတွင် မန်းထင်ပေါ်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သော ပေါင်းနက်ချောင်း ရေသွင်းမြောင်းတူးဖော်ခြင်းနှင့် မြောင်းထိပ်အဆောက်အအုံ ပြုလုပ်ခြင်းလုပ်ငန်းအားလည်းကောင်း၊ ရွှေကူမြို့တွင် Super Frequency ကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်သော အတိုင်းအတာ ၆၀ ပေ× ၄၂ ပေ ဝန်ထမ်းအိမ်ရာ R.C.C (၄)ခန်းတွဲ တစ်ထပ် တည်ဆောက်ခြင်း လုပ်ငန်းအခြေအနေများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် ဝန်ကြီးနှင့်အဖွဲ့သည် ရွှေကူမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ကြေးတိုင်စနစ်ဖြင့် ခွင့်ပြုထားသည့် ပကားအင်း ရေမြောင်းတူးဖော်ခြင်းအား သွားရောက်ကြည့်ရှု့ခဲ့ကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ပြီး ရွှေကူမြို့နယ် ကော်မရှင်အဖွဲ့ခွဲရုံးမြေနေရာ အခြေအနေအား ကြည့်ရှု့ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ကျော်မျိုးအောင်(ပြန်/ဆက်)