ပုသိမ် နိုဝင်ဘာ ၁၇
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်။ အထွေထွေရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်များ အသုံးပြုခဲ့ကြသည့် ရွေးကောက်ပွဲ ကုန်ကျစရိတ်များ တင်သွင်းရာတွင် စိစစ်လက်ခံနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ပုသိမ်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေး ခန်းမတွင် ကျင်းပသည်။
ရှေဦးစွာ ပုသိမ်ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးတင့်လွင်က အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်ပြီး ခရိုင်အတွင်းရေးမှူး ဦးဇော်နိုင်ဦးက ကိုယ်စားလှယ်များက ရွေးကောက်ပွဲ ကုန်ကျစရိတ်များ ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲသို့တင်ပြရာတွင် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးတင်ပြသည်။ ၎င်းနောက် ခရိုင်အဖွဲ့ဝင် ဒေါ်နွဲ့နွဲ့ရီ ကရွေးကောက်ပွဲကုန်ကျစရိတ်များ တင်သွင်းရာတွင် စိစစ်လက်ခံနိုင်ရေးအတွက် ဆွေးနွေး ပြောကြားသည်။ဆက်လက်ပြီး ခရိုင်ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် (အများယုံကြည်)/ ဌာနဆိုင်ရာများက အထွေထွေကိစ္စရပ် များကို ဆွေးနွေးတင်ပြခဲ့ကြသည်။ ထို့နောက် ဥက္ကဋ္ဌဦးတင့်လွင်က နိဂုံးချုပ် စကားပြောကြားကာ ညှိနှိုင်းအစည်းအဝေးကို ရပ်နားခဲ့ပါသည်။
ညှိနှိုင်းအစည်းအဝေးသို့ ပုသိမ်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးတင့်လွင်နှင့် အဖွဲ့ခွဲဝင်များ တက်ရောက် ခဲ့ကြကြောင်း သိရသည်။ လွှတ်တော်ကိုယ်စားလှယ်များ၏ ရွေးကောက်ပွဲကုန်ကျစရိတ် တင်သွင်းခြင်းကို ပုသိမ်ခရိုင်ရွေးကောက်ပွဲ ကော်မရှင်ရုံးတွင် ယနေ့မှစ၍ လက်ခံဆောင်ရွက်ပေးမှာဖြစ်ပြီး ဒီဇင်ဘာ ၁၂ ရက်နေ့နောက်ဆုံး ပေးသွင်းရမှာဖြစ်ကြောင်း ခရိုင်ကော်မရှင်အဖွဲ့ခွဲ ရုံးမှသိရသည်။
သတင်း/ဓာတ်ပုံ - မောင်မောင်မြင့်(ပြန်/ဆက်)