ခိုင်ကမ်း နိုဝင်ဘာ ၁၇
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့ရှိ ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ နေ့စဉ်စစ်ဆေးလျက်ရှိရာ ယမန်နေ့က ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ၅၁ ဦး ဆေးစစ်သည့်အနက် ကလေးမှ တီးတိန်သို့ ကုန်စုံပစ္စည်းများပို့ဆောင် မောင်းနှင်မည့် ယာဉ်မောင်း တစ်ဦးတွင် ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ပိုးတွေ့လူနာမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ချမ်းမြေ့ အောင်စည်ရပ်ကွက်၊ နယ်မြေ(၅) တွင် နေထိုင်သူ အသက်(၃၄)နှစ်အရွယ်ရှိ အမျိုးသားဖြစ်ပြီး တီးတိန်မြို့သို့ ကုန်ပစ္စည်းများ သွားရောက် ပို့ဆောင်မည့် ယာဉ်မောင်းသူ ဖြစ်ကြောင်း သိရသည်။
အဆိုပါယာဉ်မောင်းနှင့်အတူနေ မိသားစုဝင် ၅ ဦးရှိကြောင်း သိရှိရပြီး သက်ဆိုင်ရာ ကိုဗစ်-၁၉ ကုသရေး ဆေးရုံသို့ လွဲပြောင်းကုသ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ပိုးတွေ့ယာဉ်မောင်းမှာ ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း သိရသည်။
ဝုန်လွန်းညောင်(ခိုင်ကမ်း)