ပြင်ဦးလွင် ဇူလိုင် ၁၈
နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များ ပေါ်ထွန်းလာစေရေးနှင့် လူငယ်ကဏ္ဍကိုမြှင့်တင်ဆောင်ရွက်ရေးရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ် (၂) အခြေခံပညာအလယ်တန်းကျောင်းတို့ ပူးပေါင်းကာ လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါကျောင်း၏ ချယ်ရီခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ အမှတ် (၂) အခြေခံပညာ အလယ်တန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်နီးရ်မာလာက အဖွင့်အမှာစကားပြောကြားပြီး ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယမင်းလှိုင်က လူငယ်စကားဝိုင်း ကျင်းပရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
ထို့နောက် လူငယ်စကားဝိုင်းကို စတင်ကျင်းပရာ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယမင်းလှိုင်က Moderator အဖြစ် ဆောင်ရွက်ပြီး အမှတ် (၂) အခြေခံပညာ အလယ်တန်းကျောင်းမှ Grade 9 ကျောင်းသား၊ ကျောင်းသူများဖြစ်သည့် မောင်ငြိမ်းမင်းထွဋ်က “လူငယ်နှင့် Social Media” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မောင်ဇွဲဝေယံထွန်းက “လူငယ်နှင့်နည်းပညာ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မယွန်းဝတီရွှေရည်က “လူငယ်နှင့် စာရိတ္တ”၊ မမေကမ္ဘာက “လူငယ်နှင့်မူးယစ်ဆေးဝါး အန္တရာယ်” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မသိမ့်ဝတ်ရည်က “လူငယ်နှင့်ပညာရေး” စသည့် ခေါင်းစဉ်များဖြင့် အသီးသီး ဦးဆောင်ဆွေးနွေးခဲ့ကြသည်။
ဆက်လက်ပြီး အခမ်းအနားသို့တက်ရောက်လာကြသည့် ကျောင်းသား၊သူများက လူငယ်စကားဝိုင်းတွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာများအပေါ်အခြေခံကာ မိမိတို့သိရှိ လိုသည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး စာရေးဆရာ ကိုရွှေအောင်သင်းက ကျောင်းသား၊ ကျောင်းသူများ၏ မေးမြန်းချက်များအပေါ် ဖြေကြားခဲ့သည်။
ထို့နောက် လူငယ်စကားဝိုင်းတွင် ဦးဆောင်ဆွေးနွေးခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများနှင့် မေးခွန်းမေးမြန်းဆွေးနွေးခဲ့ကြသော ကျောင်းသား၊ကျောင်းသူများအား မြန်မာနိုင်ငံအိမ်ခြံမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်း ပြင်ဦလွင်ခရိုင်ဥက္ကဋ္ဌ ဦးမျိုးမင်းက ဂုဏ်ပြုအမှတ်တရ လက်ဆောင်များပေးအပ်ပြီး လူငယ်စကားဝိုင်းအား အောင်မြင်စွာရုပ်သိမ်းခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသသော သုတ၊ရသ စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစား ဖတ်ရှုလေ့လာခဲ့ကြသည်။ အဆိုပါ လူငယ်စကားဝိုင်းသို့ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ စာရေးဆရာ ကိုရွှေအောင်သင်း၊ ပြင်ဦးလွင်ခရိုင် ဗမာလူမျိုးစာပေနှင့်ယဉ်ကျေးမှုအသင်း ဒုတိယဥက္ကဋ္ဌ ဒေါ်အေဇင်မေနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ အမှတ် (၂) အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများ စုစုပေါင်း(၁၆၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ဖြူလူသစ် (ခရိုင် ၊ ပြန်/ဆက်)