ပုလော ဇူလိုင် ၁၈
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့၌ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာရေးနှင့် ညီညွတ်၍ ပျော်ရွှင်ချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရေး ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၁၀)နာရီ ပုလောမြို့ အမှတ်(၄) အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောရာတွင် ပုလောမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးမှူး (၁) ဒေါ်ခင်စန္ဒာက မိုးဦးကာလဖြစ်၍ အစားအသောက်များမှတစ်ဆင့် ကူးစက်တတ်သော ဝမ်းပျက်/ ဝမ်းလျှောရောဂါကို ကြိုတင်ကာကွယ်ထားရန်လိုအပ်ပါကြောင်း၊ ယင်နားအစားစာများနှင့် မသန့်ရှင်းသော အစားအစာများ စားသုံးခြင်းကို ရှောင်ကြဉ်ရန်၊ ယင်လုံအိမ်သာသုံးစွဲကြရန်၊ သောက်ရေသန့် (သို့မဟုတ်) ရေကိုကျိုချက်၍ သောက်သုံးရန်လိုအပ်ကြောင်း၊ အမှိုက်များကို စနစ်တကျစွန့်ပစ်ခြင်းနှင့် တစ်ကိုယ်ရေးသန့်ရှင်းရေးကို ဂရုပြုရန်လိုအပ်ကြောင်း၊ ရောဂါလက္ခဏာများခံစားရပါက နီးစပ်ရာကျန်းမာရေးဌာနသို့သွားရောက်ပြသရန်လိုအပ်ကြောင်း၊ ပြင်းထန်ကာလဝမ်း ရောဂါနှင့် ဝမ်းပျက်/ဝမ်းလျှောရောဂါများ၏ ဆောင်ရန်/ရှောင်ရန်တို့ကို အသိပညာပေး ဟောပြောခဲ့သည်။
ဆက်လက်၍ ကျန်းမာရေးမှူးများက ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေး စစ်ဆေးမှုများကို ဆောင်ရွက်ပေးခဲ့ပြီး လိုအပ်သည့် ဆေးဝါးများကို ပံ့ပိုးပေးခဲ့ကြောင်း သိရသည်။
အေးအေးမော်(ပုလော)