ဒီးမော့ဆို နိုဝင်ဘာ ၁၇
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် (၃၁) နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာ ကုလသမဂ္ဂညီလာခံ ကွန်ဗင်းရှင်း အထိမ်းအမှတ်နေ့ UN CRC Day အကြိုလှုပ်ရှားမှု အခမ်းအနား ကို ယနေ့ နံနက် ၉ နာရီခွဲက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဏ်လှိုင် အမှာစကား ပြောကြားပြီး ကျောင်းသားကျောင်းသူများ က ကလေးသူငယ်အခွင့်အရေးများ၊ ဥပဒေပါ ကလေးများ၏ လိုက်နာရမည့်ကျင့်ဝတ် စည်းကမ်းများနှင့် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရမည့် အချက်များကို ရှင်းလင်း ပြောကြားကြသည်။
ထို့နောက် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ အသိအမှတ်ပြုသော ပရဟိတဂေဟာများနှင့် ရပ်ရွာများသို့ သွားရောက်ပြီး ကလေးသူငယ်များအား CRC နှင့် Child Protection အကြောင်း အသိပညာပေးခြင်း၊ ဥာဏ်စမ်းမေးခွန်းများဖြင့် အမေး/အဖြေ များ ပြုလုပ်ခြင်းများကို ဆောင်ရွက် ပေးကာ ဆုရရှိသော ကလေးသူငယ်များအား မြို့နယ်ကလေး သူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများက ဆုများ ချီးမြှင့်ခဲ့သည်။
ကမ္ဘာပေါ်ရှိ ကလေးသူငယ်တိုင်းကို ကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် ကုလသမဂ္ဂ ညီလာခံက ကလေးသူငယ် အခွင့်အရေး များဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ်ကို ၁၉၈၉ ခုနှစ် စက်တင်ဘာလ ၂၀ ရက်နေ့တွင် အတည်ပြု ပြဌာန်းခဲ့ပြီး မြန်မာနိုင်ငံက ၁၉၉၁ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ကာ ၁၉၉၁ ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့တွင် စာချုပ်အဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့ကြောင်း သိရသည်။
ရီရယ်(ဒီးမော့ဆို)