ငါးသိုင်းချောင်း နိုဝင်ဘာ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ရှိ အ-ထ-က ကျောင်းတွင် ကိုဗစ်-၁၉ ရောဂါကာလအတွင်း နေရာကန့်သတ်စောင့်ကြည့်စင်တာ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ပိုင်းက ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေး၊ ပြည်သူ့လွှတ်တော် ကျန်းမာရေးနှင့် အားကစား ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ၊ ရေကြည်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစံရွှေဝင်း၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်နှင့် တိုင်းအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်နှင့် မြို့ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ သက်ဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီဝင်များက အဆိုပါနေရာ ကန့်သတ်စောင့်ကြည့် စင်တာသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေး က အဆိုပါနေရာ ကန့်သတ်စောင့်ကြည့်စင်တာတွင် ဖွင့်လှစ်ထားသည့် ယာယီဆေးရုံရှိ ကိုဗစ်-၁၉ ရောဂါ အတည်ပြု လူနာများကို အားပေးစကား ပြောကြားခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးနှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက နေရာကန့်သတ်စောင့်ကြည့် စင်တာရှိ ကျန်းမာရေး ဝန်ဆောင်မှုများ၊ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးလုပ်ငန်းများအတွက် လိုအပ်ချက်များ လမ်းညွှန်မှာကြား ဆောင်ရွက်ခြင်းနှင့်ဖြည့်ဆည်းဆောင်ရွက်ပေးရ မည့်အချက်များအား ဆောင်ရွက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီး ရေကြည်မြို့နယ် အတွင်း ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးလုပ်ငန်းများကို ဆက်လက်ကွင်းဆင်းဆောင်ရွက်ရန် ရေကြည်မြို့သို့ ဆက်လက်ထွက်ခွာခဲ့ကြောင်း သိရသည်။
ငါးသိုင်းချောင်းမြို့ အ.ထ.က ကျောင်းရှိ နေရာကန့်သတ်စောင့်ကြည့်စင်တာကို စက်တင်ဘာလ ၂ ရက်နေ့မှ စတင် ဖွင့်လှစ်ခဲ့ပြီး ယနေ့နိုဝင်ဘာလ ၁၇ ရက်နေ့အထိ အဆိုပါစင်တာတွင် နေရာကန့်သတ်စောင့်ကြည့်မှု ခံယူသူ (၃၀၆) ဦးရှိခဲ့ကြောင်း၊ ယနေ့အထိနေရာ ကန့်သတ်စောင့်ကြည့်မှု ဆက်လက်ခံယူ သူ (၇၅)ဦး ဆက်လက်ရှိနေပြီး ကိုဗစ်-၁၉ ရောဂါဓါတ်ခွဲရှာဖွေစစ်ဆေးမှု (၁၇) ကြိမ်ဆောင်ရွက်ခဲ့ရာ (၄၀) ဦးရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း၊ အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိလူနာများကို ငါးသိုင်းချောင်းမြို့ ပြည်သူ့ဆေးရုံ၊ ပုသိမ်မြို့ ပြည်သူ့ဆေးရုံနှင့် ငါးသိုင်းချောင်းမြို့ အ.ထ.က ကျောင်းရှိ နေရာကန့်သတ်စောင့်ကြည့်ရေးစင်တာ ယာယီဆေးရုံတို့တွင် (isolation ward)ထား၍ သီးသန့်နေရာ ကန့်သတ်စောင့်ကြည့် ကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ရောဂါ သက်သာပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရသူ (၇) ဦးရှိပြီဖြစ်ပြီး ယာယီဆေးရုံတွင် (၃၀)ဦး ဆက်လက်ကုသမှုခံယူလျက် ရှိကြောင်း၊ သက်ဆိုင်ရာ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံပြည်သူလူထုနှင့် ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ စုပေါင်းပါဝင်၍ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း နေရာ ကန့်သတ်စောင့်ကြည့်စင်တာ ကြီးကြပ်ရေး တာဝန်ခံ တစ်ဦးဖြစ်သူ ကိုထွန်းလင်းဦး က ပြောကြားထားကြောင်း သိရသည်။
စိုးမင်းဦး(ပြန်/ဆက်)