တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်

ထားဝယ်       ဇူလိုင် ၁၈

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံမှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ထားဝယ်မြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ကျင်းပရာ ကျောင်းသား/သူများက “မြန်မာပြည်မှာ စာပဒေသာဝေဆာစေ” သီချင်းဖြင့် သီဆိုဖျော်ဖြေသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ပြည်သူများမှန်ကန်သည့် အသိဉာဏ်ဗဟုသုတများ တိုးပွားစေရန်အတွက် စာဖတ်ကြရန်၊ စာဖတ်နိုင်သော ပတ်ဝန်းကျင်ကောင်းများ ဖန်တီးကြရန် နိုင်ငံတော်က အစဉ်အမြဲဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံတော်၏ အနာဂတ်ကို အသိပညာပြည့်ဝသည့် လူငယ်များနှင့် တည်ဆောက်ကြမည်ဆိုပါက ကမ္ဘာ့အလယ်၌ နိုင်ငံတကာကို ရင်ပေါင်တန်းနိုင်မှာဖြစ်ကြောင်း၊ ယနေ့ခေတ် လူငယ်များ၏ ဘဝသည်အလွန်အရေးကြီးပြီးပြုစု ပျိုးထောင်ပေးရန် လိုအပ်ကြောင်း၊ နိုင်ငံ့တာဝန်များကို ပခုံးပြောင်းတာဝန်ယူထမ်းဆောင်မည့် လူငယ်များအနေဖြင့် အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတနှင့် ကျင့်ဝတ်တန်ဖိုးများ မျှဝေပေးရန်၊ အနာဂတ်လူ့ဘောင်အဖွဲ့အစည်းအား ၎င်းတို့၏အတွေးအမြင် ကောင်းများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်၊ လူငယ်များကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲများ၊ လူငယ်ရေးရာ ဟောပြောပွဲများ၊ လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော် များကိုပြန်ကြားရေးဝန်ကြီးဌာနက ကျင်းပဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းများသည် နိုင်ငံတော်အစိုးရတစ်ခုတည်းက ဆောင်ရွက်ကြရမည့် လုပ်ငန်းမဟုတ်ဘဲ လူ့အဖွဲ့ အစည်းအသီးသီးက ပါဆောင်ရွက်ကြရမည့် လုပ်ငန်းဖြစ်ကြောင်း၊ အနာဂတ်တွင် နိုင်ငံ့တာဝန်များကို ပခုံးပြောင်း တာဝန်ယူထမ်းဆောင်ကြမည့် ကျောင်းသား/ ကျောင်းသူများ အသိပညာဗဟုသုတများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ စာပေဖတ်ရှုသည့် အလေ့အထများဖြစ်ပေါ်လာစေရန်၊ အသိဉာဏ်ပညာများကို အရင်းအနှီးပြုပြီး ဘဝဖွံ့ဖြိုးတိုးတက်စေရန် စသည့်အချက်များနှင့် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုး တိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ကျင်းပဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ဒါကြောင့် တိုင်းပြည်၏ စွမ်းအား အရင်းအမြစ်ဖြစ်သည့် ကျောင်းသား/ကျောင်းသူများ ကျောင်းစာကြည့်တိုက်များကို အသုံးချတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်အတွက် ဆရာ/ဆရာမများက ဆောင်ရွက်ပေးကြရန်၊ အားလပ်ချိန်တွင် ကျောင်းစာကြည့်တိုက်၌ စာဖတ်သည့် အလေ့အထရရှိအောင် လေ့ကျင့်ပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက စာပေအသိပညာဟောပြောပေးသော စာရေးဆရာ အန်ကယ်ပညာနှင့် စာရေးဆရာဂမ္ဘီရမင်းမောင်အား ဂုဏ်ပြုဆုချီးမြှင့်ကာ စကားရည်လုပြိုင်ပွဲ(အထက်တန်း)အဆင့်တွင် ဆုရရှိသောကျောင်းသား/သူများအားဆုချီးမြှင့်ပြီး တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးက စာစီစာကုံး (အထက်တန်း) အဆင့်တွင် ဆုရရှိသော ကျောင်းသား/သူများအား ဆုချီးမြှင့်သည်။

ဆက်လက်၍ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူးဗိုလ်မှူးကြီး အောင်မျိုးထွန်းက ကျပန်းစကားပြောပြိုင်ပွဲ တွင်ဆုရရှိသော ကျောင်းသား/သူများအားလည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းမင်းလတ်စာစီစာကုံး (အလယ်တန်း) အဆင့်တွင် ဆုရရှိသော ကျောင်းသား/သူများအား လည်းကောင်း၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးက ကျပန်းစကားပြောပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား/သူများအားလည်းကောင်း၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးခင်မောင်မြင့်က ကဗျာရွတ်ဆိုပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား/သူများအား လည်းကောင်း၊ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးဦးသက်နိုင်က ပုံပြင်ပြောပြိုင်ပွဲတွင် ဆုရရှိသောကျောင်းသား/သူများအား လည်းကောင်း၊ ဆုများအသီးသီး ပေးအပ်ချီးမြှင့်သည်။

၎င်းနောက် တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်၊ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာ၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးအုန်းသန်းနှင့် တာဝန်ရှိသူများတို့က ပြိုင်ပွဲဝင်ကျောင်းသား/သူများအား ဂုဏ်ပြုလက်ဆောင်များပေးအပ်ပြီး တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် အလှူရှင်များ(ကိုယ်စား) ကျောင်းအကျိုးတော်ဆောင်တို့က ကျောင်းစာကြည့်တိုက်အတွက် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာကြီးက လက်ခံ ရယူသည်။

ထို့နောက်ဆုရရှိသော ကျောင်းသား/သူများက ပြိုင်ပွဲဝင်ခေါင်းစဉ်များ ဖြင့်ပြန်လည်၍ သရုပ်ပြပြီး ကျောင်းသား/သူလေးများက “ဇာတိမာန်” သီချင်းဖြင့် သီဆို၍အခမ်းအနားအား ရုပ်သိမ်းလိုက်သည်။

ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဖြစ်မြောက်အောင်မြင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့က ထောက်ပံ့ငွေကျပ်(၂၅)သိန်း၊ အလှူရှင်များနှင့် ကျောင်းအကျိုးတော်ဆောင်အဖွဲ့များက ကျောင်းသား/ကျောင်းသူများကို အာဟာရကျွေးမွေးခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)