နယ်စပ်ဒေသ မန့်ဟီးရိုးမြို့တွင် လူကုန်ကူးမှုအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေး နံရံကပ်စာစောင်ပြသ

မန့်ဟီးရိုး နိုဝင်ဘာ ၁၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့ရှိ ဒေသခံပြည်သူများ လူကုန်ကူးမှု အန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် လူကုန်ကူးမှုဆိုင်ရာအသိပညာပေးနံရံကပ် စာစောင်များပြသခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန် က မန့်ဟီးရိုးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊မြို့ရုံးပြည်သူ့စာကြည့်တိုက် ခန်းမရှေ့တွင် ခင်းကျင်းပြသဆောင်ရွက် ခဲ့သည်။

အဆိုပါအသိပညာပေးပြသထားသည့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ နံရံကပ်စာ စောင်တွင် လူကုန်ကူးမှုတိုက်ဖျက်ဖို့ ဝိုင်းဝန်းကူညီဆောင်ရွက်စို့၊ စုပေါင်းကာကွယ်လူကုန်ကူးမှု အန္တရာယ်၊ မြန်မာနိုင်ငံအတွင်း လူကုန်ကူးမှုတိုင်ကြားရန် လူကုန်ကူးမှုတားဆီး နှိမ်နင်းရေး တပ်ဖွဲ့၏ အရေးပေါ်ဖုန်းနံပါတ်များ၊ လူကုန်ကူးမှုနှင့်ပတ်သက်ပြီး ဆက်သွယ်အကူ အညီ တောင်းခံနိုင်သော ဖုန်းနံပါတ်များ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ပြစ်ဒဏ်များနှင့် လူကုန်ကူးမှုတိုက်ဖျက်ရေး ဆောင်ပုဒ်များကို ဖော်ပြထားသည်။

မန့်ဟီးရိုးမြို့ရှိ ဒေသခံပြည်သူများအနက် ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်နေ ကြသူများရှိသဖြင့် ပြည်သူကိုအသက်အန္တရာယ်ခြိမ်းခြောက်စေခိုင်းခြင်း၊ အဓမ္မခေါ်ဆောင် ခံရခြင်း၊ ကျွန်ပြုခိုင်းစေခြင်း၊ လုပ်ခလစာမပေးခြင်းနှင့် မိမိဆန္ဒမပါဘဲ အဓမ္မခိုင်းစေခြင်းများ မခံရအောင်၊ မိမိကိုယ်တိုင်လည်း လူကုန်ကူးမခံရအောင်၊ လူကုန်ကူးမှုအန္တရာယ်မှ ကြိုတင် ကာကွယ်နိုင်ရန်နှင့် လူကုန်ကူးမည့်သူများ ဆောင်ရွက်တတ်သည့် နည်းလမ်းများကို သိရှိစေရန် ယခုလိုအသိပညာပေး နံရံကပ်စာစောင်ကို ပြသဆောင်ရွက်ရခြင်းဖြစ်ကြောင်း မြို့ဦးစီးမှူးထံမှ သိရသည်။

စန္ဒာ(ပြန်/ဆက်)