မိုးညှင်း နိုဝင်ဘာ ၁၇
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်၊ နန့်မွန်းမြို့ ၊ မိုင်းနောင်ကျေးရွာအနောက်မြောက်ဘက် (၃)မိုင်ခန့်အကွာ ရွှေမှော်ဟောင်းနေရာတွင် ယနေ့ နံနက်ပိုင်းက တရားမဝင်ရွှေတူးဖော်နေသူ အမျိုးသား(၂)ဦး မြေကျင်းပိသေဆုံးခဲ့ကြောင်း လုံးတုံနယ်မြေရဲစခန်းမှရဲမှတ်တမ်းများအရသိရသည်။
ဖြစ်စဉ်မှာ လုံးတုံနယ်မြေရဲစခန်းမှ ရဲအုပ်မိုးကျော်အောင်သည် စခန်းမှူးတာဝန်ထမ်းဆောင်နေစဉ်မိုင်းနောင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်က မိုင်းနောင်ကျေးရွာအနောက်မြောက်ဘက်(၃)မိုင်ခန့်အကွာရှိ ရွှေမှော်ဟောင်းနေရာတွင် လူ(၂)ဦး မြေကျင်းပိ၍ သေဆုံးနေကြောင်း ဖုန်းဆက်အကြောင်းကြားချက်အရ နယ်မြေရဲစခန်းမှ ဒုရဲအုပ်ဇေယျာမင်းဦးဆောင်၍ ရဲတပ်ကြပ်(၂)ဦး၊ မိုင်းနောင်ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးတို့နှင့်ပူးပေါင်း၍ အခမ်းဖြစ်နေရာသို့သွားရောက်ကြည့်ရှုရာ ယခင်ရွှေမှော်ဟောင်းနေရာတွင် တရားမဝင်ရွှေတူးဖော်လုပ်ကိုင်နေကြသည့် အမျိုးသား(၂)ဦးမြေကျင်း ပိနေကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။
ကျင်းပိနေမှုကို တူးဖော်ကြည့်ရှုရာ ၎င်းတို့မှာ ပြင်ပဒဏ်ရာတစ်စုံတစ်ရာ မရရှိဘဲ သေဆုံးလျက်တွေ့ရှိကြောင်းနှင့် နန့်မွန်းမြို့ဆေးရုံသို့ မှုခင်းဆေးစာနှင့်အတူ ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်/မဟုတ် စစ်ဆေးနိုင်ရန်အတွက် သေမှုသေခင်းရေး ဖွင့်ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။
ကျော်ကျော်ထွေး(မိုးညှင်း)