ပင်လုံ နိုဝင်ဘာ ၁၇
ရှမ်းပြည်နယ် တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့ ရပ်ကွက်(၃)၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားများ၏ အိမ်ထောင်စုများအား စတုတ္ထအကြိမ် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က ရပ်ကွက်(၃)ရုံး၌လည်းကောင်း၊ အခြေခံလူတန်းစားများ၏ နေအိမ်များသို့ တစ်အိမ်တက်ဆင်းသွားရောက်၍လည်းကောင်း လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပင်လုံမြို့၊ ရပ်ကွက်(၃)အုပ်ချုပ်ရေးမှူး ဦးစိုင်းစံငင်း က ထောက်ပံ့ငွေပေးအပ်ရခြင်း၏ ရည်ရွယ်ချက်၊ ထောက်ပံ့ငွေပေးအပ်ရာတွင် အခြေခံလူတန်းစားများ၏ လက်ဝယ်အရောက် ပေးပို့ရမည့် နည်းလမ်းများအား ရှင်းလင်းပြောကြားပြီး ရပ်ကွက်(၃)အတွင်းရှိ အိမ်ထောင်စု (၈၆၄)စု အနက် ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစား (၆၂)စုအတွက် သက်ဆိုင်ရာ အခြေခံလူတန်းစား မိသားစုဝင် များထံသို့ စတုတ္ထအကြိမ် လက်ဝယ်အရောက်ပေးအပ်သွားမည် ဖြစ်ကြောင်းသိရသည်။
ယနေ့၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား မိသားစုဝင်(၆၂)စုအား တစ်အိမ်ထောင်စုလျှင် ငွေကျပ်(၂ဝဝဝဝ) နှုန်းဖြင့် (၆၂)စုအတွက် စုစုပေါင်းငွေကျပ်(၁၂၄၀၀၀၀) တစ်ဆယ့်နှစ်သိန်း လေးသောင်း ကျပ် အားအခြေခံလူတန်းစားများ၏ လက်ဝယ်တို့အရောက် ပင်လုံမြို့ အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော်၊ ရပ်ကွက်အုပ်ချုပ် ရေးမှူး၊ ရာအိမ်မှူးများ၊ ဆယ်အိမ်မှူးများနှင့် ရပ်ကွက်စာရေးတို့က စတုတ္ထအကြိမ် ပေးအပ်နိုင်ခဲ့ကြောင်း သိရသည်။
နန်းမြင့်မြင့်ဆွေ (ပြန်/ဆက်၊ပင်လုံ)