၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပါဝင်ခဲ့ကြသော မဲဆန္ဒရှင်ပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများအား ရှမ်းပြည်နယ် အစိုးရအဖွဲ့ မှ အထူးကျေးဇူးတင်ဂုဏ်ပြုကြောင်း ထုတ်ပြန်


တောင်ကြီး          နိုဝင်ဘာ        ၁၇

 

 

 

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး ဖြစ်ရာ ရှမ်းပြည်နယ်အတွင်းကျင်းပပြုလုပ်ခဲ့သော ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက် ပွဲကြီးတွင် ပါဝင်ခဲ့ကြသည့် မဲဆန္ဒရှင်ပြည်သူများ ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများနှင့် စေတနာ့ဝန်ထမ်းများအား  အထူးကျေးဇူးတင်ပါကြောင်းနှင့် မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း ရှမ်းပြည်နယ် အစိုးရအဖွဲ့ က ယနေ့ ၂၀၂၀ ပြည့်နှစ် ၊ နို၀င်ဘာ လ(၁၇)ရက်နေ့က နံနက်ပိုင်းက ထုတ်ပြန် လိုက်ကြောင်း သိရှိရသည် ။

အဆိုပါ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၊ တောင်ကြီးမြို့၏ ထုတ်ပြန်ချက် တွင်  ရှမ်းပြည်နယ်အတွင်း Coronavirus Disease Covid -19 ကမ္ဘာ့ကပ် ရောဂါအား ကာကွယ်၊ထိန်းချုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေချိန်၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက် နေ့တွင်ကျင်းပပြုလုပ်ခဲ့သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီး၌ စိတ်အားထက်သန်စွာဖြင့် ကြိုတင်ဆန္ဒမဲများပေးခဲ့ကြသည့် ပြည်တွင်း/ပြည်ပမှ မဲဆန္ဒရှင်ပြည်သူများ၊ မဲရုံသို့ကိုယ်တိုင်လာရောက်၍ ဆန္ဒမဲပေးခဲ့ကြသည့် မဲဆန္ဒရှင် ပြည်သူများ၊ ရွေးကောက်ပွဲကြီး ချောမောအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် စေတနာစွမ်းအား၊ ဉာဏ်ပညာ စွမ်းအားများဖြင့် နိုင်ငံတော်တာဝန်တစ်ရပ်အဖြစ် ပါဝင်ကူညီဆောင်ရွက်ပေး ခဲ့ကြသည့် ရှမ်းပြည်နယ်အတွင်းရှိ ပညာရေးဝန်ကြီးဌာနမှ ဆရာ/ဆရာမများ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှဝန်ထမ်းများ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မှဝန်ထမ်းများ၊ လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန မှ ဝန်ထမ်းများ၊ ရွေးကောက်ပွဲကြီး ဘေးကင်းလုံခြုံစေရေး တာဝန်ယူဆောင်ရွက်ပေးခဲ့သည့် ကာကွယ်ရေး ဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာန မှ ဝန်ထမ်းများ၊ ပြန်ကြားရေးဝန်ကြီးဌာန ၊ အလုပ်သမား လူဝင်မှု ကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ကျန်ဝန်ကြီးဌာနများမှ ဝန်ထမ်းများ၊ ရွေးကောက်ပွဲကြီး တွင်လိုအပ်သည်များကို အားကြိုးမာန်တက်ကူညီဆောင်ရွက်ပေးခဲ့ကြသည့် စေတနာ့ ဝန်ထမ်းအဖွဲ့ အစည်းများမှ ပုဂ္ဂိုလ်များ၊ ရှမ်းပြည်နယ်အတွင်းရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများအားလုံးကို ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ အထူး ကျေးဇူးတင်ရှိပါကြောင်းနှင့် မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါကြောင်း  ဖော်ပြထားသည်။

 


မောင်မောင်သန်း(တောင်ကြီး)