ခိုင်ကမ်းမြို့ ကျန်းမာရေး စစ်ဆေးရေးဂိတ်တွင် ယာဉ်နောက်လိုက်တစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံတွေ့ရှိ

ခိုင်ကမ်း နိုဝင်ဘာ ၁၇

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တီးတိန်မြို့နယ် ခိုင်ကမ်းမြို့ရှိ ကျန်းမာရေး စစ်ဆေးရေးဂိတ်တွင် ကိုဗစ်ရောဂါ ရှိ မရှိ နေ့စဉ် စစ်ဆေးလျက်ရှိရာ ယနေ့ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် များကို ဆေးစစ်ရာမှကလေးမှ ရိခေါ်ဒါရ်သို့ ကုန်စည် ပစ္စည်းများ ပို့ဆောင်မောင်းနှင်သည့် ယာဉ်​​နောက်လိုက်တစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ ပိုးတွေ့လူနာမှာ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့၊ တပ်ဦးသီတာရပ်ကွက်၊ နယ်မြေ (၄) တွင် နေထိုင်သူ အသက် (၂၁) နှစ်ရှိ အမျိုးသားဖြစ်ပြီး ယနေ့တွင် ရိခေါ်ဒါရ်မြို့သို့ ကုန်စည် ပို့ဆောင်မည့် ယာဉ်နောက်လိုက်ဖြစ်ကြောင်းသိရှိရသည်။ အဆိုပါယာဉ်မောင်းနှင့် အတူနေ မိသားစုဝင် ၅ ဦးရှိကြောင်းသိရှိရပြီး ကလေးမြို့ ကိုဗစ်-၁၉ ကုသရေး ဆေးရုံသို့ လွဲပြောင်း ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပိုးတွေ့ယာဉ်နောက်လိုက်၏ ကျန်းမာရေးအခြေအနေ ကောင်းမွန်လျက်ရှိကြောင်း သိရှိရသည်။ ချင်းပြည်နယ်မြောက်ပိုင်း အဝင်အထွက်ဖြစ်သည့် ခိုင်ကမ်းမြို့ ကိုဗစ်-၁၉ ရောဂါပိုး ရှိ / မရှိ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို Rapid Test kit ဖြင့် အောက်တိုဘာလမှစတင် စစ်ဆေးခဲ့ရာ နိုဝင်ဘာလ ၁၇ နေ့ နံနက်ပိုင်းအထိ ပိုးတွေ့သူ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ၈ ဦး ရှိပြီး စုစုပေါင်း စစ်ဆေးမှုအရေအတွက်မှာ ၂၀၀၀ ဦး ကျော်ရှိပြီဖြစ်ကြောင်း သတင်းရရှိပါသည်။

 

ဝုန်လွန်းညောင်(ခိုင်ကမ်း)