ဗန်းမော် နိုဝင်ဘာ ၁၇
ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာမေဖြိုးဦးက ဦးဆောင် ကြီးကြပ်၍ ကျောင်းသားကျောင်းသူများတို့သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် စောင့်ကြည့်စစ်ဆေးနိုင်စေရန် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုသော ဈေးနှုန်းသက်သာ သည့် အပူချိန်တိုင်းကင်မရာကို ယနေ့နံနက် ၁၁ နာရီက ဗန်းမော်ပြည်သူ့ဆေးရုံကြီး၌ တပ်ဆင်လှူဒါန်းခဲ့ရာ ပြည်သူ့ဆေရုံအုပ်ကြီး ဒေါက်တာမင်းဇော်အေးနှင့်အဖွဲ့က လက်ခံရယူခဲ့ကြောင်း သိရသည်။
ယင်းနောက် ဗန်းမော်မြို့ အစိုးရနည်းပညာအထက်တန်းကျောင်း၌ လည်းကောင်း၊ ဗန်းမော်တက္ကသိုလ်၌ လည်းကောင်း အပူချိန်တိုင်းကင်မရာတစ်လုံးစီ အသီးသီးတပ်ဆင် လှူဒါန်းပေးခဲ့ကြသည်။
အဆိုပါ အပူချိန်တိုင်းကင်မရာကို တီထွင်ဖန်တီးပြုလုပ်ခြင်းဖြင့် အချိန်နှင့်လုပ်သား အင်အားသက်သာစွာ စီမံခန့်ခွဲနိုင်ခြင်း၊ တစ်ဦးချင်းစီ Digital Thermometer နှင့် တိုင်းစရာ မလိုဘဲ Stand တစ်ခုဖြင့် အပူချိန်တိုင်းကင်မရာမှ တစ်ဆင့် လူအများအား အပူချိန်တိုင်းတာ နိုင်ခြင်း၊ Andriod Phone ၊ Laptop ၊ TV တို့ဖြင့်လည်း အပူချိန်တိုင်းတာရလဒ်နှင့် ရုပ်ပုံများအား စောင့်ကြည့်စစ်ဆေးမှတ်တမ်းတင်နိုင်ခြင်း၊ ကိုယ်အပူချိန်မြင့်မာပါက အချက်ပေးအသံဖြင့် သတိပေးခြင်း၊ လူလူချင်း ထိတွေ့မှုမရှိ၍ ရောဂါကူးစက်ခြင်းမှ ကင်းဝေးစေခြင်း၊ လျှပ်စစ်မီး မရရှိသည့်အခါတွင်လည်း ဓာတ်ခဲဖြင့် ဆက်လက်အသုံးပြုနိုင်ခြင်းနှင့် လျှပ်စစ် Charging စနစ်ပါဝင်သည့်အတွက် လျှပ်စစ်မီးဖြင့် အားဖြည့်သွင်းနိုင်ခြင်း အကျိုးကျေးဇူးများကို ရရှိစေနိုင် ကြောင်း ဒုတိယပါမောက္ခချုပ် ဒေါက်တာမေဖြိုးဦး ထံမှ သိရသည်။
ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)မှ ကျောင်းသားကျောင်းသူများအား တီထွင်ဖန်တီးခဲ့ သော ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအထောက်အကူပြုပစ္စည်းများဖြစ် သည့် Robotic Controlled Trolley(Mg Banmaw-01)နှင့် Remote Controlled Trolley(Mg Kachin -01)ကို ဗန်းမော်ပြည်သူ့ဆေးရုံကြီးသို့ လည်းကောင်း၊ Temperature Scanning Monitoring System ကို ဗန်းမော်လေဆိပ်သို့ လည်းကောင်း၊ Water Dispenser and Soap Dispenser များကို နမ့်ဖားဘုန်းတော်ကြီးသင် ပညာရေးကျောင်းနှင့် ဗန်းမော်တက္ကသိုလ်သို့ လည်းကောင်း၊ ဈေးနှုန်း သက်သာသော အပူချိန်တိုင်းကင်မရာကို ဗန်းမော်မြို့၏ မြို့အဝင်အထွက်ဂိတ်(၂)ဂိတ်တွင် လည်းကောင်း၊ Remote Controlled Trolley(Mg Kachin-02)ကို မြစ်ကြီးနားပြည်သူ့ ဆေးရုံကြီးသို့ လည်းကောင်း အသီးသီးတပ်ဆင်လှူဒါန်းပေးနိုင်ခဲ့ပြီး ယခုအခါ ဈေးနှုန်း သက်သာသော အပူချိန်တိုင်းကင်မရာကို ဗန်းမော်ပြည်သူ့ဆေးရုံကြီး၊ အစိုးရနည်းပညာ အထက်တန်းကျောင်းနှင့် ဗန်းမော်တက္ကသိုလ်တို့တွင် ထပ်မံလှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။
ကိန်းဖြူ(ပြန်/ဆက်)