ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားဖူဆယ်ပြိုင်ပွဲဖွင့်ပွဲကျင်းပ

တောင်ကြီး ဖေဖော်ဝါရီ ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ခရိုင် ပေါင်းစုံအသက်(၂၅)နှစ်အောက် အမျိုးသား ဖူဆယ် ပြိုင်ပွဲဖွင့်ပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် ပြည်နယ်လေ့ကျင့်ရေး အားကစားရုံခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်/ခရိုင်/ မြို့နယ်အဆင့်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်(၁၂)ခရိုင်မှ ပြိုင်ဝင်အားကစားသမားများ၊ အားကစားဝါသနာရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား ဖူဆယ်ပြိုင်ပွဲကို ဖွင့်လှစ်ပေးပြီး  အဖွင့်အမှာစကားပြောကြားသည်။ စစ်ကြောင်းမှူး ဦးဆောင်၍ ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာ အဓိဋ္ဌာန် ရွတ်ဆိုခဲ့ကြသည်။ ရှမ်းပြည်နယ်အစိုးရအဖွဲ့  ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းနှင့် ဧည့်သည်တော်များက ပြိုင်ပွဲဝင်အားကစားသမား များ အား လိုက်လံနှုတ်ဆက်ခဲ့ကြသည်။ ထို့နောက် စစ်ကြောင်းမှူးဦးဆောင်၍ ပြိုင်ပွဲဝင်အသင်းများသည် ကစားကွင်းအတွင်းမှ ပြန်လည်ထွက်ခွာသွားခဲ့ပြီး လင်းခေးခရိုင် အသင်းနှင့် မိုင်းဆက်ခရိုင်အသင်းတို့ ယှဉ်ပြိုင်ကစားသော ဘောလုံးအမျိုးသား ဖူဆယ်ပြိုင်ပွဲကို ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။

စိုင်းသန်းကျော်(တောင်ကြီး)