မိုင်းပျဉ်း နိုဝင်ဘာ ၁၈
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်တွင် ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်းနှင့် (HPV) ကာကွယ်ဆေးထည့်သွင်းထိုးနှံခြင်းများကို ယမန်နေ့နံနက်ပိုင်းကစတင်ကာ မိုင်းပျဉ်းမြို့ မိခင်နှင့်ကလေးကျန်းမာရေး ဌာနတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ကာကွယ်ဆေးများထိုးနှံပေးရာတွင် အသက်(၁)နှစ်မှ (၁၅)နှစ်အတွင်း ကလေးငယ်များ အားဆုံဆို့နာ ကာကွယ်ဆေး နှင့် မေးခိုင်ရောဂါကာကွယ်ဆေးများကို တတိယအကြိမ်ထိုးနှံ ပေးခြင်းဖြစ်ပြီး (HPV) သားအိမ်ခေါင်း ကင်ဆာ ရောဂါ ကာကွယ်ဆေးမှာ အသက်(၉)နှစ်မှ (၁၀) နှစ်အတွင်း ကလေးငယ်များအား ပထမအကြိမ် ထိုးနှံပေးခြင်းကို မိုင်းပျဉ်းမြို့ မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ဆရာမဒေါ်နန်းမြအေးနှင့် ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်းကို မိုင်းပျဉ်းမြို့ပေါ်ရပ်ကွက် (၃)ရပ်ကွက်၊ ယမ်းမိုင်ကျေးရွာ နှင့်နားခေါကျေးရွာ တို့တွင် ၁၇ရက်နေ့မှ ၁၉ရက်နေ့အထိ သုံးရက်ကြာ ထိုးနှံပေးသွားမည်ဖြစ်ပြီး ဆုံဆို့နာကာကွယ်ဆေးနှင့်အမီလိုက် ကာကွယ်ဆေးထိုးနှံသူကလေးငယ် (၁၇၃၈)ဦး၊ သားအိမ် ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံသူ(၆၉)ဦး တို့ အားထိုးနှံပေး သွားမည်ဖြစ်ကြောင်း မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာနမှ သိရသည်။
မေမွန်ထွဋ်( ပြန်ဆက်)