မိုင်းဖြတ် နိုင်ဝင်ဘာ ၁၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီး ဌာနက မြစိမ်းရောင်စီမံကိန်းကျေးရွာရန်ပုံငွေ စတုတ္ထအကြိမ် ပြန်လည်ထုတ်ချေးခြင်းကို ယမန်နေ့ ညနေ ၃နာရီခွဲ အချိန်ခန့်က နားမွန်းကျေးရွာရှိ ခန်းမဆောင်၌ ပြန်လည်ထုတ်ချေးပေးခဲ့သည်။
ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မေလွင်က မြစိမ်းရောင်စီမံကိန်းကျေးရွာ ရန်ပုံငွေဖြင့် ကျေးရွာနေ ပြည်သူများ တပိုင် တနိုင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ပြီး မိသားစုဝင်ငွေရရှိစေရေး၊ ချေငွေများအပေါ် ရရှိလာသည့် အတိုးများဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ၊ အများအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး၊ မြစိမ်းရောင် စီမံကိန်းကျေးရွာ လုပ်ငန်းအကြောင်း သိကောင်းစရာများနှင့် နားမွန်းကျေးရွာနှင့် နားလီးကျေးရွာနှစ်ရွာပေါင်း တစ်ယူနစ်တွင် အကောင် အထည် ဖော်ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင်စီမံကိန်း ကျေးရွာလုပ်ငန်းများ ရေရှည်တည်တံ့စေရေးနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ကျေးရွာရန်ပုံငွေ ကြီးကြပ်မှု ကော်မတီဝင်များက ကျေးရွာအတွင်းရှိ စိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်သူ ၅ ဦး၊ မွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူ ၁၅ ဦး၊ ရေလုပ်ငန်းလုပ်ကိုင်သူ ၁ ဦး၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ ၂၂ ဦး၊ သက်မွေးလုပ်ငန်း လုပ်ကိုင်သူ ၄ ဦး စုစုပေါင်း ၄၇ ဦးကို လုပ်ငန်းအမျိုးအစားအလိုက် ကျပ် ၃၉၂ သိန်းကို ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်နှင့်အညီ ပြန်လည်ထုတ်ချေးပေးခဲ့ကြောင်းသိရသည်။
အဆိုပါ စီမံကိန်းလုပ်ငန်းကို နားမွန်းကျေးရွာနှင့် နားလီးကျေးရွာတို့က နှစ်ရွာပေါင်းတစ်ယူနစ်ဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အရင်းမပျောက်လည် ပတ်ရန်ပုံငွေ ကျပ်သိန်း ၃၀၀ နှင့် အတိုးရငွေ ၉၂ သိန်း စုစုပေါင်း ကျပ် ၃၉၂ သိန်းကို ပြန်လည်ထုတ်ချေး ပေးခြင်းဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်ခင်မေလွင်ထံက သိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)