ပျော်ဘွယ်မြို့နယ် Community Center ခန်းမတွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း၏ (၁၆) ကြိမ်မြောက် စာဖတ်ဝိုင်းကျင်းပ

ပျော်ဘွယ် ဖေဖော်ဝါရီ ၂၃

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပျော်ဘွယ်မြို့နယ်ရုံးတွင် ဖွဲ့စည်းထားသော စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း၏ (၁၆)ကြိမ်မြောက် စာဖတ်ဝိုင်းကျင်းပခြင်းကို ယမန်နေ့ မွန်းလွဲ(၂)နာရီက မြို့နယ်ရုံး Community Center ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဖုန်းနိုင်က စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ဆွေးနွေးပြီး စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းဥက္ကဋ္ဌ ဦးအောင်ကြီးက အမှာစကား ပြောကြားသည်။

မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းအဖွဲ့ဝင် ဦးမျိုးဝင်းက "ယခုစာဖတ်ဝိုင်းကျင်းပရာမှာ အသင်းဝင်တွေချည်းဘဲ လုပ်တာမဟုတ်ပါဘူး၊ စာပေ ဝါသနာရှင်တွေ၊ မျိုးဆက်သစ်လူငယ်တွေဖြစ်တဲ့ ကျောင်းသား၊ ကျောင်းသူတွေလည်း ပါဝင် ပါတယ်၊ ဒါကြောင့် ကျောင်းသား၊ ကျောင်းသူလေးတွေ စာပေစိတ်ဝင်စားလာအောင်ဆိုပြီး စာဖတ်ဝိုင်းကျင်းပပြုလုပ်မဲ့ စာအုပ်တွေကို ဝေငှခဲ့ပြီး စာအုပ်ပါ အကြောင်းအရာတွေကို ဒီကလေးတွေကိုပဲ သူတို့ရဲ့ အမြင်တွေ ကို ဆွေးနွေးစေခဲ့ပါတယ်၊ အဲဒီအပေါ်မှာ အမှတ်တရ လက်ဆောင်တွေကိုလည်း ပေးအပ်ချီးမြှင့်သွားမှာဖြစ်ပါတယ်" ဟု ပြောသည်။

ဆက်လက်၍ စာရေးဆရာ မောင်နေဇင်(ဘုတလင်)၏ ''မသုံးလိုက်ရသောမုန့်ဖိုး'' ဝတ္တုတိုစာအုပ်အား မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း အဖွဲ့ဝင်များဖြစ်သည့် ဦးသောင်းထိန်၊ ဦးဝေလွင်တို့က စာအုပ်ပါအကြောင်းအရာများကို အနည်းငယ်ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက အကျယ်တဝင့်ရှင်းလင်း ဆွေးနွေးခဲ့ကြကာ အသင်းတာဝန်ရှိသူများက စာဖတ်စွမ်းရည် အကောင်းဆုံးဆုနှင့် အမှတ်တရ လက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)