မန္တလေး နိုဝင်ဘာလ ၁၈
လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ပြည်ပဝယ်လိုအားနည်းပြီး ကြက်သွန်နီဈေး အနည်းငယ် ကျဆင်း လာကြောင်း ကြက်သွန်နီစိုက်တောင်သူများထံမှ သိရသည်။
"ကြက်သွန်နီက တရုတ်ပြည်ဘက်ကို နည်းနည်းတင်ပို့တယ်။ ဘင်္ဂလားဒေ့ရှ်ဘက်ကတော့ ကြက်သွန်နီတွေ လိုချင်ပေမယ့် လမ်းပန်းဆက်သွယ်ရေးသိပ်မကောင်းတော့ ဝယ်တာနည်း သွားတယ်။ ပြီးခဲ့တဲ့လပိုင်းက ကြက်သွန်နီ တစ်ပိသာကို တစ်ထောင်ကျော် လောက် ဖြစ်တယ်။ နောက်ပိုင်းကျ ကြက်သွန်က အရည်သွေး ကျလာပြီး လမ်းပန်း ဆက်သွယ်ရေး တွေက ထင်သလောက် ကောင်းမလာတော့ တောင်သူက ရောင်းလာပြီး ကြက်သွန်က အဟောင်းဆိုတော့ ဈေးနည်းနည်း ပြန်အေးလာတာပေါ့။ တစ်ပိသာကို တစ်ရာလောက် ဈေးကျသွားတယ်။ အစောပိုင်းမှာ ရောင်းလိုက်ရတဲ့ တောင်သူတွေက အဆင်ပြေကြတယ်။ ဈေးရတယ်။ တစ်ပိသာ တစ်ထောင်ကျော် ရောင်းရတယ်။ လှောင်လိုက်တဲ့တောင်သူကျ ဈေးက တဖြည်းဖြည်း အေးသွားတော့ ရံှုးကြတယ်။ ဒီလပိုင်းမှာ နည်းနည်းပြန်တက်လာတော့ နည်းနည်း အဆင်ပြေလာကြတယ်။ ဒီနှစ် ကြက်သွန်နီ စိုက်တဲ့ တောင်သူတွေ အနေနဲ့ မကိုက်ကြဘူးပေါ့။ " ဟု ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ စားဖိုဆောင်သီးနှံများအသင်း ဥက္ကဋ္ဌ ဦးဇော်မျိုးဦးက ပြောသည်။
ကြက်သွန်နီကို မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးတို့ကို အများဆုံး စိုက်ပျိုးကြကြောင်း၊ ကြက်သွန်နီကို နွေကြက်သွန်နှင့် မိုးကြက်သွန်ဟူ၍ နှစ်မျိုးရှိရာ နွေကြက်သွန်ကို အစေ့စိုက်ပျိုးကြပြီး မိုးကြက်သွန်ကို မျိုးဥက စိုက်ပျိုးကြကြောင်း၊ နွေကြက်သွန်ကို တစ်နှစ်ပတ်လုံး သိုလှောင်ကာ ရောင်းချကြပြီး မိုးကြက်သွန်ကို ပေါ်ပေါ်ခြင်း ရောင်းချရကြောင်း သိရသည်။
ထိပ်ထားနိုင်