မန္တလေး၊ နိုဝင်ဘာ ၁၈
ပြည်ပမှ နှမ်းကုန်ကြမ်းနှင့်မြေပဲကုန်ကြမ်းများ တင်သွင်းခွင့်ပြုရန်ကိစ္စနှင့်ပတ်သက်၍ သဘောထား မှတ်ချက် တောင်းခံခြင်း သတင်းကြောင့် ပြည်တွင်းဈေးကွက်တွင် ဈေးနှုန်းပြောင်းလဲမှုများရှိကြောင်း ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော် အသင်း ( မန္တလေးကုန်စည်ဒိုင် ) မှ သိရသည်။
“လောလောဆယ် စီးပွားကူးသန်းက တင်ထားတာရှိတယ်၊ ကုမ္ပဏီတစ်ခုကနေ နှမ်းနဲ့ မြေပဲဆံကို CMP စနစ်နဲ့ ပြည်ပမှတင်သွင်းမယ် ပြည်တွင်းမှာကုန်ချောထုတ်လုပ်ပြီး ပြည်ပသို့ ပြန်ရောင်းမယ်ဆိုပြီး တင်ထားတာရှိတယ်၊ အဲဒီအသံထွက်လာတော့ အရင်က ကျပ် နှစ်သိန်းကျော် နှမ်းနက်က တစ်သိန်း ရှစ်သောင်းကနေ တစ်သိန်း ငါးသောင်းခွဲအထိ ဖြစ်သွားတယ်၊ ဒီလိုတင်သွင်းမယ်ဆိုတော့ ပြည်ပနှမ်းက သက်သာပြီး ပြည်တွင်း ဈေးကွက် ယှဉ်ပြိုင်လာရင် ပြည်တွင်းနှမ်းကိုမဝယ်တော့ဘူး၊ တောင်သူတွေမှာ ဈေးနည်းသွား နိုင်တယ်၊ ပြည်တွင်းနှမ်းကိုပဲ ကိုယ်တိုင်ရောင်းမယ်ဆိုရင်တော့ အနေတော်ပဲရှိနေပေမယ့် ပြည်ပက သွင်းလာမယ့်နှမ်းက ဈေးချိုတယ်၊ အဲဒီနှမ်းကို ဝယ်တဲ့သူကဝယ်သွားပြီဆိုရင် ပြည်တွင်းနှမ်း တွေကိုဈေးကောင်းမပေးတော့ဘူး၊ နှမ်းဈေးက အခုလည်းပြန်အေးနေတယ်၊ စပေါ်နေတာလည်း ဖြစ်တယ်”ဟု ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာက ထိန်တော်အသင်း (မန္တလေးကုန်စည်ဒိုင်) ဒုတိယ ဥက္ကဋ္ဌ ဦးချွန်က ပြောသည်။
နှမ်းကို မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတွေမှာ အများဆုံး စိုက်ပျိုးကြပြီး အရင်က နှမ်းတွေကို ပြည်တွင်းမှာ အများအပြားစား သုံးကြသော်လည်း ခေတ်ကာလ ပြောင်းလဲမှုအရ နှမ်းဆီအစား စားအုံးဆီအစားထိုး သုံးစွဲလာခြင်းကြောင့် ပြည်တွင်းစားသုံးမှု လျော့နည်း သွားကြောင်းသိရသည်။
အဆိုပါတင်သွင်းမှုတွင် နှမ်းကုန်ကြမ်း တန် ၁၀၅၀၀နှင့် မြေပဲကုန်ကြမ်း တန် ၃၂၀၀၀အား (ကုန်ချောထုတ် လုပ်ရာတွင် ၂၀ ရာခိုင်နှုန်း ဘေးထွက်ပစ္စည်းထွက်ရှိမှု Norm နှင့် အတူ) ပြည်ပမှ အခွန် အကောက် ကင်းလွတ်ခွင့်ဖြင့်တင်သွင်းခွင့်ကိစ္စအပေါ် မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းသို့ သဘောထား မှတ်ချက်များတောင်းခံခြင်းနှင့်ပတ်သက်၍စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ အကြောင်းကြားထားကြောင်း၊ မြန်မာ့နှမ်းနှင့် မြေပဲအဓိကစိုက်ပျိုး ထုတ်လုပ် သည့် တောင်သူများ၏အကျိုးစီးပွားအပေါ် သက်ရောက်နိုင်မှုအခြေအနေ ရှိနေခြင်းကြောင့် မြန်မာ့နှမ်းနှင့် မြေပဲအဓိက ရောင်းဝယ်ဖောက်ကားနေသည့် ကုန်စည်များသို့လည်း မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည် များအသင်းကလည်း ပေးပို့ထားကြောင်းသိရသည်။
“မြေပဲဆံဈေးကတော့ အခုလောလောဆယ် ဝယ်နေတယ်၊ မြန်မာနိုင်ငံရဲ့မြေပဲဆံဟာ တရုတ်ပြည် မှာ အရည်အသွေးလည်းမြင့်တယ် သဘာဝအရလည်း အရသာလည်းရှိတဲ့ အတွက် သူတို့နိုင်ငံက ထွက် တဲ့ မြေပဲဆံက အလုံးကြီးပေမယ့် မြန်မာမြေပဲဆံက ဈေးပိုရတယ်၊ တစ်တန်ကို ယွမ် ၁၀၀ လောက်အထိ ဈေးပိုရတယ်၊ အခုသွင်းမယ့် မြေပဲဆံက အိန္ဒိယကမြေပဲဆံ၊ တရုတ်ပြည်က မြေပဲဆံနဲ့စာရင် တစ်တန်ကို ယွမ် တစ်ရာကနေ သုံးရာလောက်အထိသက်သာတယ်၊ ပြည်ပပေါက်ဈေးဆိုရင်လည်း တစ်တန်ကို ဒေါ်လာတစ်ရာလောက် သက်သာ တယ်၊ ဒေါ်လာတစ်ရာလောက်သက်သာကို သွင်းပြီးမှ မြန်မာနိုင်ငံကသွင်းကုန်အနေနဲ့ CMPဖြစ်တဲ့ အတွက်ကြောင့် အခွန်ကင်း လွတ်ခွင့်လည်း တောင်းထားတယ်၊ Export အနေနဲ့ ပြန်သွင်းတဲ့အခါကျတော့ အခွန်ကင်းလွတ်ခွင့်ကို မြန်မာနိုင်ငံကနေ ကင်းလွတ်ခွင့်ပေးထားတယ်၊ အခု မြန်မာမြေပဲဆံက တစ်ပိသာ ၃၂၀၀ကျပ်လောက်ရှိတယ်၊ သူတို့ဘက် ကမြေပဲဆံက တစ်ပိသာ ၂၄၀၀ ဝန်းကျင်လောက်ရှိတယ်၊ တရုတ်ဝယ်လက်ရှိတယ်၊ မြန်မာမြေပဲဆံက ဆီကြိတ်တယ်၊ ဒီဘက်မှာ သဘာဝမြေသြဇာလည်းသုံးတယ်၊ ပိုးသတ် ဆေးကို လည်းလျော့သုံးထားတယ်၊ ဓာတ်ကြွင်းလည်းမရှိဘူး ၊ မျိုးရိုးဗီဇအမှန်၊ အရသာကို မြန်မာနိုင်ငံက မြေပဲဆံကိုမမီဘူး၊ တရုတ်နဲ့ဆိုရင် တစ်တန်ကို ယွမ် ၂၀၀ လောက်အထိကွာတယ်၊ ပြည်ပက တင်သွင်းမယ်ဆိုတဲ့ အသံကြောင့် ပြည်တွင်းမြေပဲ ဆံဈေးကတော့ နည်းနည်းအေးသွားတယ်၊ အဝယ်သမားကစောင့်တဲ့ သဘောရှိ သွားတယ်၊ ဈေးမကျသေးဘူး၊ သူတို့ဘက် ကလိုအပ်ချက်များနေတဲ့အတွက် မကျဘူး”ဟု ဆက်လက်ပြောသည်။
မြန်မာ့မြေပဲနှင့် နှမ်းများသည် မျိုးရိုးဗီဇပြုပြင်မထားသည့် မူရင်မျိုးများဖြင့် ပိုးသတ်ဆေး များအလွန် အကျွံ သုံးစွဲမှုမရှိဘဲ ဧရာဝတီမြစ်ကမ်းရိုးတစ်လျှောက်အပါအဝင် မြန်မာနိုင်ငံ တစ်ဝန်းတွင် ရာသီမရွေး စိုက်ပျိုး ထုတ်လုပ်နိုင်ခြင်းကြောင့် တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ၊ ထိုင်းနိုင်ငံစသည့်နိုင်ငံ များမှ များစွာ ကြိုက်နှစ်သက်၍ ဈေးကောင်းပေးကာ ဝယ်ယူလျက်ရှိကြောင်းသိရသည်။
ထိပ်ထားနိုင်