ပဲတီစိမ်းဈေးများ တစ်ပတ်အတွင်း ပြန်လည်မြင့်တက်လာ

မန္တလေး နိုဝင်ဘာလ ၁၈

တရုတ်ဝယ်လိုအားကြောင့် ပဲတီစိမ်းဈေးများ တစ်ပတ်အတွင်း ပြန်လည်မြင့်တက် လာကြောင်း ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်း ( မန္တလေး ကုန်စည်ဒိုင် ) မှ သိရသည်။
" တရုတ်က ပဲတီစိမ်းကို ဝယ်တယ်။ ကျန်တဲ့ပဲတွေကတော့ အရောင်းဝယ် ခပ်အေးအေးပါဘဲ။ ပဲတီစိမ်းက လက်ရှိမှာ ပြည်၊ အောင်လံကဘဲ ပေါ်တာလေ။ အသစ်က အဲဘက်ကဘဲ ပေါ်သေးတာဆိုတော့ ပဲတီစိမ်းရဲ့ အဝင်နည်းပြီး အဝယ်နဲ့ယှဉ်တော့ အဝယ်ကပိုသာနေတဲ့အတွက် ဈေးနည်းနည်းတက်တာပေါ့။ အရင် ထိပ်စကို ၁၁၅၀၀၀၊ ၁၁၈၀၀၀ကနေ အခုဆို ၁၂၄၀၀၀ကျပ်ထိဖြစ်သွားတာပေါ့။ တစ်ပတ်အတွင်းမှာ တက်သွားတာပေါ့။ အိန္ဒိယ၊ ဂျပန်၊ ကိုရီးယားကလည်း ဝယ်တယ်။ အခုလောလောဆယ် တရုတ်က ဈေးမြင့်ပေးနေတာကြောင့် တရုတ်ကို သွားတာများတယ်။ အိန္ဒိယကလည်း ဒီနှစ် တန်ချိန် ၂သိန်းခွဲဝယ်မယ်လို့ ကြေညာထားတာလည်း ရှိတယ်။ ခါတိုင်းဆို အိန္ဒိယက သိပ်မဝယ်နိုင်ဘူး။ အခုအိန္ဒိယဈေးကပါ လိုက်လာတဲ့သဘော ရှိတယ်။ " ဟု မန္တလေးကုန်စည်ဒိုင် ဒုတိယ ဥက္ကဋ္ဌ ဦးချွန်က ပြောသည်။
ပဲတီစိမ်းကို ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတွင် အများဆုံး စိုက်ပျိုးကြကြောင်း၊ ပဲတီစိမ်းသည် နွေစိုက်၊ ဆောင်းစိုက်နှင့် ရေသွင်း စိုက်ကြသဖြင့် တစ်နှစ်ပတ်လုံးထွက ရှိကြောင်း၊ နိုဝင်ဘာလ ၁၇ရက်နေ့တွင် ပဲတီစိမ်း ဈေးမှာ ၃တင်းဝင် တစ်အိတ်လျှင် ၁၂၀၀၀ကျပ်မှ ၁၂၄၀၀၀ကျပ် ဝန်းကျင် ရှိကြောင်း မန္တလေးကုန်စည်ဒိုင်မှ သိရသည်။
ထိပ်ထားနိုင်