မတ္တရာမြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်းကျင်းပ

မတ္တရာ  ဖေဖော်ဝါရီ  ၂၂

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် သဲကောကျေးရွာတွင်  ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူစကားဝိုင်းကို ယနေ့ နေ့လယ် ၁နာရီက အဆိုပါ ကျေးရွာမူလတန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းမှ မတ္တရာမြို့နယ်၌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ဆောင်ရွက်နေမှုများ၊ မီးလင်းရေးလုပ်ငန်းများမှာ ရာနှုန်းပြည့်နီးပါး ဆောင်ရွက်ပြီးစီးသည့်အတွက် ကျေးလက်လမ်းများ ကောင်းမွန်ရေး အတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ တောင်သူများအနေဖြင့် မိမိတို့လယ်ယာ အထွက်တိုးရေး၊ ခြံထွက်သီးနှံများ အောင်မြင်ဖြစ်ထွန်းပြီး စျေးကွက်တင်ပို့နိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာများဖြင့် ချိတ်ဆက်ဆောင်ရွက်ရန် လိုအပ်ပါကြောင်းဖြင့် အဖွင့်အမှာစကားခဲ့သည်။

ထို့နောက်  ဦးစီးဌာနမှ စိုက်ပျိုးရေးဌာနအနေဖြင့် စပါးနှင့် အခြားသီးနှံများ စိုက်ပျိုးရာတွင် စိုက်ပျိုးရေးနည်း စနစ်မှန်ကန်ရေး၊ ပိုးသတ်ဆေးစနစ်တကျ သုံးစွဲစေရေးနှင့် စိုက်ပျိုးရေး နည်းပညာပေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့်   ကျေးလက်နေပြည်သူများ၏  လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှုလျှော့ချ ရေးအတွက် မြစိမ်းရောင်စီးမံကိန်းများ၊ သန့်ရှင်းသောသောက်သုံးရေရရှိရေး၊ ကျေးလက် လမ်းများ ဆောင်ရွက် နေမှုကို ဆောင်ရွက်လျှက်ရှိပါ ကြောင်းဖြင့် ဆွေးနွေးခဲ့ကြပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်နိုင်မှ ပါဝင်ဆွေးနွေးမှုများအပေါ် ဖြည့်စွက် ရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်သူ့စကားဝိုင်း ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော တောင်သူလယ်သမားများ၊ ဥယျာဉ်ခြံလုပ်ကိုင်သူများမှ ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက်   သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ  ပါဝင်ဆွေးနွေးသူများမှ ပြန်လည် ရှင်းလင်း ဖြေကြားခဲ့ကြောင်းသိရသည်။

စိုးကျော်သူထွေး(မတ္တရာ)