ကျောင်းကုန်းမြို့တွင် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များအား ကိုဗစ်ပိုး ရှိ/မရှိ စစ်ဆေး

ကျောင်းကုန်း နိုဝင်ဘာ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့တွင် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိကို ယနေ့နံနက် ၇ နာရီအချိန်ခန့်က အ.မ.က နတ်ချောင်းကျောင်း၌ စစ်ဆေးပေးခဲ့ပြီး ပိုးမတွေ့မှသာ မြို့တွင်းသို့ မော်တော်ယာဉ် ဝင်ခွင့်ပေးခဲ့ကြောင်း သိရသည်။

ကုန်စည်စီးဆင်းမှု ရပ်တန့်မသွားစေရေး ကုန်တင်မော်တော်ယာဉ်များ ရန်ကုန်မြို့နှင့်ကျောင်းကုန်းမြို့သို့ သွားလာလျက်ရှိရာ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို ဓာတ်ခွဲမှူး ဒေါ်ဇာခြည်ပန်း ဦးဆောင်၍ ကျန်းမာရေး ဝန်ထမ်းများက စစ်ဆေးပြီး ကိုဗစ်ပိုး တွေ့ရှိပါက C B F Q သို့ ပို့ဆောင်သွားမည်ဖြစ်ကာ ကိုဗစ်ပိုး မတွေ့ရှိပါက (၇၂)နာရီ အကျုံးဝင်မည်ဖြစ်သည်။

ယခုဆိုလျှင် ကျောင်းကုန်းမြို့ရှိ Positive လူနာများကို Plan C ဆေးရုံအဖြစ် အသုံးပြုလျက်ရှိသော အိုးအိမ်ဝန်ထမ်း အိမ်ယာ၌ (၂၄)ဦး၊ Plan B ချောင်ကြီးတိုက်နယ် ဆေးရုံ၌(၄)ဦး၊ ပုသိမ်မြို့တိုင်းရင်းဆေးရုံ၌ (၈)ဦး၊ စုစုပေါင်း (၃၆)ဦးရှိပြီး ဆေးရုံ ဆင်းခွင့်ရသူ(၁၈)ဦးရှိကာ အားလုံးကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း ကျန်းမာရေး ဌာနက သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)