ကျောက်မဲခရိုင်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ရန် လုပ်ငန်းညှိနှိုင်း အစည်းအဝေးဆောင်ရွက်

ကျောက်မဲ နိုဝင်ဘာ ၁၈

ကျောက်မဲခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီအနေဖြင့် ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် တားဆီးကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများကို ယခုဆောင်ရွက်နေသော အနေအထား ထက် ပိုမိုတိုးမြှင့်ဆောင်ရွက်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန် က ကျောက်မဲခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် ကျောက်မဲခရိုင်အတွင်း ကျောက်မဲ၊ သီပေါ၊ နောင်ချို၊ နမ္မတူ မြို့နယ်များ၏ မြို့အဝင်စစ်ဆေးရေး ဂိတ်များတွင် ဌာနဆိုင်ရာများ၏ တာဝန်ထမ်းဆောင်နေမှု အခြေအနေများ၊ ပိုးတွေ့ လူနာများ၊ ရောဂါပြန့်ပွားရာဒေသမှ ပြန်ရောက်လာသူများ အဝင်အထွက်များ များပြားလာသည့်အတွက် Facility Quarantine Centre များ တိုးချဲ့ ဆောင်ရွက်ရေး ကိစ္စများ၊ ဈေးများနှင့်လူသွားလူလာများသည့် နေရာများတွင် ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အပေါ် လိုက်နာမှု ရှိ/ မရှိ အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေးရေးကိစ္စများ၊ မြို့အတွင်းသို့ စစ်ဆေးရေးဂိတ်မှ ဝင်ရောက်ခြင်း မဟုတ်ဘဲ မြို့တွင်းသို့ဝင်နိုင်သော အခြားပိတ်ထားသည့်နေရာများမှ ခိုးဝင် ခိုးထွက်နေသူ များနှင့် အကြောင်း အမျိုးမျိုး ကြောင့် အပြင်ထွက်ပါက (Mask) မတပ်သူများကို ဒဏ်ရိုက် ပြစ်ဒဏ်ပေးလာခဲ့သည်မှာ အချိန်ကာလအားဖြင့် ကြာခဲ့ပြီ ဖြစ်သောကြောင့် သတ်မှတ်ထားသော ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ရေး ကိစ္စများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး ကော်မတီနာယက ဦးမျိုးကျော်က ဆွေးနွေးခဲ့သည်။

ဆက်လက်၍ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်မိုးထွန်းက ကျောက်မဲခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါနှင့် စပ်လျဉ်း၍ ပိုးတွေ့လူနာ အခြေအနေ၊ ကျန်းမာရေး စောင့်ရှောက်မှု အခြေအနေများ၊ ပိုးတွေ့လူနာဆောင် ထားရှိသည့် အနေအထားများ၊ ပိုးတွေ့လူနာဆောင် တိုးချဲ့ထားရှိ ဆောင်ရွက်ရေး ကိစ္စများကို ဆွေးနွေးခဲ့သည်။

အစည်းအဝေးသို့ ကျောက်မဲခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီ နာယက၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ကျောက်မဲ၊ သီပေါ၊ နောင်ချို၊ နမ္မတူ မြို့နယ် အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျောက်မဲခရိုင် (ပြန်/ ဆက်)