တနင်္သာရီ ဇူလိုင် ၂၆
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း ဇူလိုင်လ ၁၀ရက်နေ့က မိုးများအဆက်မပြတ်သည်းထန်စွာရွာသွန်းနေမှုကြောင့် တနင်္သာရီမြစ်ရေသည် တဖြည်းဖြည်းမြင့်တက်လာပြီး ယမန်နေ့ညနေ၄နာရီအချိန်က တနင်္သာရီမြို့အဝင် ဆိပ်ခံတံတားရေမှတ်တိုင်၌ မြစ်ရေတိုင်းထွာချက်အရ သာမန်မြစ်ရေအထက် (၁၉ပေ-၅လက်မ)အထိ ရောက်ရှိနေပြီး တနင်္သာရီမြို့၏စိုးရိမ်ရေအမှတ် (၁၇ပေ)ထက် (၂ပေနှင့်၅လက်မ)အထိ ကျော်လွန်ရောက်ရှိနေပြီဖြစ်သဖြင့် မြို့ပေါ်ရပ်ကွက်အတွင်းမှ အနိမ့်ပိုင်းနေရာရှိ ဌာနဆိုင်ရာရုံးတစ်ချို့၊ ဝန်ထမ်းအိမ်ရာနှင့် ရပ်ကွက်/ကျေးရွာလမ်းများအတွင်း မြစ်ရေများ ဝင်ရောက်လျက်ရှိနေကြောင်း သိရသည်။
ထိုသို့ ဖြစ်ရေများအဆက်မပြတ် ဝင်ရောက်နေမှုကြောင့် ချောင်းကြီးရပ်ကွက်-ဝန်ထမ်းအိမ်ရာအဝင်လမ်းအတွင်းရှိ နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အဆောက်အဦအတွင်းနှင့် မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာ နဝန်ထမ်းအိမ်ရာအဆောက်အဦးအတွင်း မြစ်ရေများ တစ်ပေခန့်စီ ဝင်နေသဖြင့် ဌာနပိုင်ပစ္စည်းများကို ရေလွတ်ရာသို့လည်းကောင်း၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ဝန်ထမ်းအိမ်ရာရှိ ဌာနဆိုင်ရာဝန်ထမ်းများသည်လည်း ယနေ့နေ့လယ်ပိုင်းက မြစ်ရေလွတ်ရာများသို့ ယာယီရွှေ့ပြောင်းလျက်ရှိကြောင်း ယင်းဌာနတာဝန်ခံများထံက သိရှိရသည်။
အလားတူ တနင်္သာရီမြစ်ရေ မြင့်တက်လာမှုကြောင့် အနိမ့်ပိုင်းတွင် နေထိုင်ကြသည့် ချောင်းငယ်ရပ်ကွက်အတွင်းမှ အိမ်ထောင်စု(၅)စုသည် ရိပ်သာဘုန်းကြီးကျောင်းနှင့် ဆွေမျိုးများနေအိမ်သို့လည်းကောင်း၊ ဆင်ခြေဖုန်းကျေးရွာအုပ်စု-ဘန်းသဲကျေးရွာမှ အိမ်ထောင်စု(၂၂)စုတို့က ဘန်းသဲဘုန်းတော်ကြီးကျောင်းသို့လည်းကောင်း၊ ကျောင်းတလုံးကျေးရွာအုပ်စု-မြေမအုံကျေးရွာမှ အိမ်ထောင်စု(၁၈)စုတို့သည် နီးစပ်ရာဆွေမျိုးများနေအိမ်သို့လည်းကောင်း စုစုပေါင်းအိမ်ထောင်စု(၄၅)စုတို့မှ ကျား(၁၁၈)ဦး၊ မ(၁၁၀)ဦး။ စုစုပေါင်း(၂၂၈) ဦးတို့သည် ရေဘေးလွတ်ရာနေရာများသို့ ယာယီပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း သိရသည်။
သို့ပါ၍ မြို့ပေါ်ရပ်ကွက်အတွင်း ဝင်ရောက်နေသေည့် မြစ်ရေများလျော့ကျစေရေးအတွက် တနင်္သာရီမြို့နယ်၊ အမှတ်(၂)စစ်နယ်မြေမှူး ဗိုလ်မှူးကြီးမျိုးမင်းသူ၏ လမ်းညွှန်မှုဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ထူးနှင့် မြို့နယ်ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးကော်မတီဝင်များ ကြီးကြပ်၍ ရေထိန်းစက်ရုံရှိ ရေစုပ်စက်(၂)လုံးဖြင့် (၈လက်မ)အရွယ် ရေစုပ်ပန့်(၄) လုံး၊ (၈လက်မ) ရေထွက်ပိုက်(၄)လုံးတို့ဖြင့် စုပ်ထုပ်ခြင်းလုပ်ငန်း ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
တနင်္သာရီမြို့နယ်၏စိုးရိမ်ရေအမှတ်မှာ သာမန်မြစ်ရေအထက်(၁၇ပေ)ဖြစ်ပြီး အန္တရာယ်ရေအမှတ်မှာ(၂၄ပေ) သတ်မှတ်ထားကြောင်း သိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)