ရွှေကူ နိုဝင်ဘာ ၁၈
ကချင်ပြည်နယ်၊ ဗန်မော်ခရိုင် ရွှေကူမြို့ အောက်လေးလမ်းဆုံ စုပေါင်းစစ်ဆေးရေးဂိတ်၌ ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ရွှေကူမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ကျန်းမာရေးဝန်ထမ်းများက ယမန်နေ့ညနေ ၃ နာရီခွဲခန့်တွင် RDT (Rapid Antigen Diagnostic Test Kit) ဖြင့် ကိုဗစ်−၁၉ ရောဂါ ရှိ/မရှိ စစ်ဆေးခဲ့ရာ မန္တလေး−ဗန်းမော် ပြေးဆွဲလျက်ရှိသော ၁၂ ဘီး ကုန်တင်ယာဉ် (၁) စီးမှ ယာဉ်နောက်လိုက် ဗန်းမော်မြို့ ပေါက်ကုန်းရပ်ကွက် နေထိုင်သော အမျိုးသား (၁) ဦးထံတွင် ကိုဗစ်−၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့သည်။
ကိုဗစ်−၁၉ ရောဂါပိုးတွေ့ရှိသူ ယာဉ်နောက်လိုက် (၁) ဦးအား ရွှေကူမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ထားရှိကာ ဆေးကုသမှုခံယူလျက်ရှိပြီး ၎င်းနှင့်အတူပါလာသည့် ယာဉ်မောင်း(၁)ဦးအား ရွှေကူမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ Facility Quarantine Centre တွင် ပို့ဆောင် ထားရှိကြောင်း သိရသည်။
ရွှေကူမြို့ အောက်လေးလမ်းဆုံ စုပေါင်းစစ်ဆေးရေးဂိတ်၌ ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေး ဝန်ထမ်းများက RDT (Rapid Antigen Diagnostic Test Kit) ဖြင့် စစ်ဆေးရာမှ ယနေ့အထိ ကိုဗစ်−၁၉ ရောဂါပိုး တွေ့ရှိလူနာ စုစုပေါင်း (၆)ဦး ရှိပြီဖြစ်ကြောင်း မြို့နယ် ကိုဗစ်−၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရှိရသည်။
ကျော်မျိုးအောင်(ပြန်/ဆက်)