ကျောက်ဆည် နိုဝင်ဘာ ၁၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် Facility Quarantine လူဦးရေ(၁၁၈)ဦးရှိလာသည့်အတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်လွင်၊ ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယခရိုင် ပြည်သူ့ကျန်းမာရေးဌာနမှူး ဒေါက်တာရဲဝင်းနိုင်နှင့် တာဝန်ရှိသူများက ယမန်နေ့ ညနေ(၄)နာရီက အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းရှိ အဆောင်တစ်ဆောင်အား Facility Quarantine လူဦးရေ တိုးပွားလာခဲ့ပါက ထားရှိရန်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။
ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် Facility Quarantine ဝင်ရောက်သူများကို ကျောက်ဆည် နည်းပညာတက္ကသိုလ်ရှိ အခန်း(၁၄၀)ပါ ကျောင်းသားအဆောင်တစ်ဆောင်နှင့် ကျောင်းသူအဆောင်တစ်ဆောင် စုစုပေါင်းအဆောင်(၂) ဆောင်တွင် ဆောင်ရွက်ထားရှိရာ ယခုအခါ Facility Quarantine ဝင်ရောက်သူဦးရေ (၁၁၈)ဦး ရှိလာပြီဖြစ်ကြောင်း သိရှိရသည်။
ထို့ကြောင့် မြို့နယ်ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီဥက္ကဌနှင့် တာဝန်ရှိသူများက Facility Quarantine ဝင်ရောက်သူဦးရေ တိုးပွားလာပါက အခက်အခဲမရှိစေရေး အစိုးရစက်မှု လက်မှုသိပ္ပံကျောင်းရှိ အခန်း(၆၀)ပါ အဆောင် တစ်ဆောင်အား လိုအပ်ချက်များ မရှိစေရေး ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျှက် ရှိကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)