ရေဇွာမြို့ လွေးတွီပေါဆုတောင်းတောင်တွင် အပန်းဖြေလာရောက်သူများ စိတ်ချမ်းသာစွာ အပန်းဖြေအနားယူ နိုင်ရန်အတွက် တက်လမ်း တစ်လျှောက် ခြုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းဆောင်ရွက်

ရေဇွာ နိုဝင်ဘာ ၁၈

ချင်းပြည်နယ်၊ မတူပီခရိုင်၊ ရေဇွာမြို့၏ အနောက်ဘက် (၁)မိုင်ခန့်အကွာအဝေးတွင် တည်ရှိသော လွီးတွီပေါဆုတောင်း တောင်တွင် အပန်းဖြေလာရောက်သူများ စိတ်ချမ်းသာစွာ အနားယူနိုင်ရန်အတွက် လမ်းဘေးဝဲ/ယာ တစ်လျှောက်တွင် သန့်ရှင်းသာယာလှပပြီး မြို့အင်္ဂါရပ်များနှင့် အညီဖြစ်စေရန်အတွက် စည်ပင်သာယာရေး ဝန်ထမ်းများနှင့် လူငယ်များပူးပေါင်းပြီး  စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၇ နာရီအချိန်က ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

"လွီးတွီပေါဆုတောင်းတောင်တွင် လာရောက်အပန်းဖြေကြသူများ စိတ်ချမ်းသာစွာ အနားယူနိုင်ရန် ရည်ရွယ်၍ စည်ပင် ဝန်ထမ်းများနှင့် လူငယ်များပူးပေါင်းပြီး သန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်၊ မိုးရာသီတွင် ရေဇွာမြို့ သစ်တော ဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများနှင့် လူငယ်များပူးပေါင်းပြီး သဘာဝပတ်ဝန်းကျင် စိမ်းလန်း စိုပြေရေးအတွက် မိုးရာသီ စုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော် အထိမ်းအမှတ်အဖြစ် ဆုတောင်းတောင် တက်လမ်း လမ်းဘေးဝဲ/ယာ တစ်လျှောက်တွင် အရိပ်ရပင်တွေနှင့် အလှပင်တွေလည်း စိုက်ပျိုးကြတာဖြစ်ပါတယ်၊ အဲဒီအရိပ်ရပင်တွေ ရှင်သန်နိုင်ရန်နှင့် သန့်ရှင်းသာယာလှပပြီး အပန်းဖြေလာရောက်သူများ စိတ်ချမ်းသာစွာ အနားယူနိုင်ရန် ရည်ရွယ်၍ လစဉ်စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်ကြတာ ဖြစ်ပါတယ်" ဟု စည်ပင်အမှုဆောင်အရာရှိ ဒေါ်ဇာမီဝင်းက ပြောကြားသည်။

လွီးတွီတောင်(ခေါ်) ဆုတောင်းတောင်သို့ လာရောက်အပန်းဖြေသူများ အနေဖြင့် ဝိုင်းဖွဲ့သောက်စားပြီး မူးယစ်ရမ်းကားခြင်း၊ သစ်ပင်ပန်းပင်များခုတ်လှဲခြင်း၊ လက်ဝါးကပ်တိုင်းနှင့် လှေကားထစ်များ ညစ်ပတ် ပျက်စီးအောင် မပြုလုပ်ကြရန်အတွက် လိုက်နာရမည့် စည်းကမ်းချက်များကို ပိုစတာဖြင့် ချိတ်ဆွဲပြသ ဆောင်ရွက်ခဲ့ကြသည်။ ယင်းစည်းကမ်းချက်များ လိုက်နာခြင်းမရှိပဲ ဖောက်ဖျက် ကျူးလွန်သူများ တွေ့ရှိပါက ထိရောက်စွာ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရေဇွာမြို့ စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

ဟုန်းအွမ်(ပြန်/ဆက်)