သရက်ချောင်းမြို့နယ်၌ အမျိုးသမီးကော်မတီအစည်းအဝေးကျင်းပ

သရက်ချောင်း ဇူလိုင်  ၂၆

တနင်္သာရီကြီးဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်း အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် အမျိုးသမီးကော်မတီအစည်းအဝေးကို ယမန်နေ့က သရက်ချောင်းမြို့၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားတွင် သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးက အမျိုးသမီးကော်မတီ အစည်းအဝေးကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းကာ အဖွင့်အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ သရက်ချောင်းမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးအေးက အမျိုးသမီးကာကွယ်‌စောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအကြောင်း ရှင်းလင်းပြောကြားရာတွင် လုပ်ငန်းစီမံချက်တွင် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ တားဆီးကာကွယ်ရေးနှင့်ပတ်သက်၍ ဆောင်ရွက်ရန်ကိစ္စများ၊  တိုင်ကြားနိုင်သည့် ဖြစ်ရပ်များနှင့်  ၂၄ နာရီ Help Line ဝန်ဆောင်မှု လုပ်ငန်းများ၊ အမျိုးသားအဆင့် တိုင်ကြားမှုနည်းလမ်းများနှင့် လူမှုဝန်ထမ်းဦးစီးဌာန၏ မူဝါဒ၊ လုပ်ငန်းစဉ်များနှင့် လုပ်ဆောင်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသော သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးထွန်းအောင်ကျော်နှင့် ကော်မတီဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မိခင်ကလေး ကာကွယ်စောင့်ရှောက်ရေးအသင်းဝင်များက အမျိုးသမီးကာကွယ်‌စောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း လုပ်ဆောင်ချက်များအကြောင်း အပြန်အလှန် ရှင်းလင်းဆွေးနွေးကာ အခမ်းအနား ရုပ်သိမ်းခဲ့ကြောင်း သတင်းရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)