တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး ကင်းစင်ရေးအတွက် အရှိန်အဟုန်မြှင့်ဆောင်ရွက်

တန့်ယန်း  နိုဝင်ဘာ  ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးအတွက် ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ၊ အဖွဲ့အစည်းများ၊ စေတနာရှင်ပြည်သူများတို့က ပူးပေါင်းကာ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြရာ မြို့နယ် အရန်မီးသတ်တပ်ရင်းမှ တပ်ဖွဲ့ဝင်များက ယမန်နေ့ ညနေပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံကြီးနှင့် စည်ပင်သာယာ ဈေးတို့တွင် ကိုဗစ်-၁၉ ရောဂါပိုး ကင်းစင်ရေး အတွက် ပိုးသတ်ဆေးဖျန်းပေးခဲ့ကြသည်။

တန့်ယန်းမြို့တွင် အသက်(၃၀)နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးသည်   ချောင်းဆိုးလည်ချောင်းနာ၍ ပြည်သူ့ဆေးရုံ၌ ဆေးကုသမှု ခံယူနေရာမှ ဆက်လက်ဆေးကုသမှု ခံယူရန် လားရှိုးမြို့ ပြည်သူ့ ဆေးရုံကြီးသို့ နိုဝင်ဘာလ ၁၆ ရက်နေ့က သွားရောက် ပြသခဲ့ရာ RDT Test Kits ဖြင့် ကျန်းမာရေး စစ်ဆေးချက်အရ  ကိုဗစ် - ၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရ၍ အရေးပေါ်တုန့် ပြန်ဆောင်ရွက်သည့်အနေဖြင့် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝေမိုးဦးနှင့် တာဝန်ရှိဌာနဆိုင်ရာများက မြို့နယ် အရန်မီးသတ် တပ်ရင်းမှ တပ်ဖွဲ့ဝင်များ၊ မြို့နယ် ကြက်ခြေနီသူနာပြု တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ နှင့် ပူးပေါင်းကာ လူနာနှင့် ထိတွေ့ဆက်စပ်ခဲ့သည့် အမှတ်(၅)ရပ်ကွက် အုပ်စု(၉)ရှိ နေအိမ်နှင့် အမှတ်(၂) ရပ်ကွက် အုပ်စု(၃)ရှိ နေအိမ်များအား ပိုးသတ်ဆေး ဖျန်းပေးခဲ့ပြီး  လူနာနှင့် ထိတွေ့ခဲ့ကြသည့် ကျန်းမာရေးဝန်ထမ်းများ၊ လားရှိုးသို့ပို့ဆောင်ခဲ့သော ယာဉ်မောင်း၊ မိသားစုများအား Quarantine ထားရှိပြီးဖြစ်သည်။

ယင်းနောက် နိုဝင်ဘာလ ၁၇ ရက်က မြို့နယ်အရန်မီးသတ်တပ်ရင်းမှ တပ်ဖွဲ့ဝင်များသည် လူနာနှင့် ထိတွေ့ဆက်စပ်ခဲ့သည့် နေအိမ်များကို ဒုတိယအကြိမ် ထပ်မံဆေးဖျန်း၍ မြို့နယ်ပြည်သူ့ဆေးရုံကြီး အတွင်း အပြင် အားလုံးနှင့် မြို့နယ်စည်ပင် သာယာ စျေးများကိုလည်း ကိုဗစ်-၁၉ ရောဂါပိုး ကင်းစင် ရေးအတွက်  ပိုးသတ်ဆေး ဖျန်းပေးခဲ့ရာ မြို့နယ်ပြည်သူ့ဆေးရုံကြီးမှ တာဝန်ရှိ သူများ၊ မြို့နယ် စည်ပင်သာယာရေး ကော်မတီနှင့် စည်ပင်သာယာရေးဌာနတို့မှ တာဝန်ရှိသူများ၊ စျေးကော်မတီ ဝင်များက ကူညီဆောင်ရွက်ပေး ခဲ့ကြကြောင်း သိရသည်။ 

မင်းလွင်ဦး(ပြန်/ဆက်)