ကော့သောင်းမြို့တွင် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ (အခြေခံ)သင်တန်းဆင်းပွဲအခမ်းအနား ပြုလုပ်

ကော့သောင်း ဇူလိုင် ၂၈

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၏လမ်းညွှန်မှု၊ တိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံး၏စီစဉ်ကြီးကြပ်မှုဖြင့် ကော့သောင်းမြို့တွင် ဖွင့်လှစ်ခဲ့သော ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ(အခြေခံ)သင်တန်း၊ သင်တန်းဆင်းပွဲအခမ်းအနားကို ကော့သောင်းမြို့၊ Victoria Cliff ဟိုတယ်အစည်းအ‌ဝေးခန်းမတွင် ယနေ့နံနက်(၉)နာရီက ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ တိုင်းဒေသကြီးညွှန်ကြားရေးမှူး၊ စစ်ဗျူဟာအခြေချအဖွဲ့(ကော့သောင်း)မှ စစ်ဗျူဟာမှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ ကော့သောင်းခရိုင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားတွင် ကော့သောင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က “ကော့သောင်းမြို့တွင် ယခုကဲ့သို့လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ (အခြေခံ)သင်တန်း(၃)မျိုးဖြစ်သည့် ဧည့်ကြိုသင်တန်း၊ အိပ်ခန်းဆောင်ထိန်းသိမ်းရေးသင်တန်း၊ အစားအသောက်ဝန်ဆောင်မှုဆိုင်ရာအခြေခံသင်တန်းများကို ဖွင့်လှစ်ပေးနိုင်သည့်အတွက် ဒေသအတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူပြုပြီး ဟိုတယ်ဝန်ထမ်းရှားပါးမှု အထူးသဖြင့် ကျွမ်းကျင်ဝန်ထမ်းရှားမှုတွင် ဝန်ထမ်းများအား သင်တန်းပေး မွေးထုတ်ပေးရခြင်းဖြစ်ပြီး ဒေသခံလူငယ်များအား အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေလိုပြီး လူနေမှုအဆင့်အတန်းများတိုးပွားလာစေရန်ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ ကော့သောင်းမြို့သည် အဏ္ဏဝါခရီးသွားလုပ်ငန်းကို အဓိကလုပ်ဆောင်သောဒေသတစ်ခုဖြစ်ပြီး ပြည်တွင်းပြည်ပခရီးသွားများ ဝင်ရောက်မှုများလည်း တစ်နှစ်ထက်တစ်နှစ် ပိုမိုရောက်ရှိလာပြီး အနာဂတ်တွင်မြန်မာနိုင်ငံ၏ အဓိကခရီးစဉ်ဒေသများတွင် ပါဝင်လာနိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပြီး ကော့သောင်းခရိုင်၏ ခရီးစဉ်ဒေသများ အောင်မြင်လာစေရေးအတွက် ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ကော့သောင်းမြို့သည် နယ်စပ်ဝင်ပေါက်တစ်ခုဖြစ်ပြီး ခရီးသွားလုပ်ငန်းများ အောင်မြင်စေရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့သာမက အခြားဆက်စပ်ဌာနဆိုင်ရာများ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်၍ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၏ အမှတ်တံဆိပ်ကို ထင်ရှားပေါ်လွင်စေရန်နှင့် ရေရှည်တည်တံ့ပြီး ဖွံ့ဖြိုးတိုးတက်သော ခရီးသွားလုပ်ငန်းဖြစ်လာစေရန် ခရီးသွားဧည့်သည်များအတွက် စိတ်ကျေနပ်မှုပေးစွမ်းနိုင်သော ခရီးစဉ်ဒေသဖြစ်လာစေရန် ဝိုင်းဝန်းပူးပေါင်းလုပ်ကိုင်ကြရမည်ဖြစ်ကြောင်းနှင့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ(အခြေခံ)သင်တန်းတက်ရောက်ကြသူများအနေဖြင့် ထူးချွန်ထက်မြက်သော စည်းကမ်းပြည့်ဝသော သင်တန်းသား/သူတစ်ဦးဖြစ်စေရန် စဉ်ဆက်မပြတ်ကြိုးစားလေ့လာ၍ ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များကို မိမိတို့နိုင်ငံ၏မှန်ကန်ပြည့်စုံသော သတင်းအချက်အလက်များ၊ ယဉ်ကျေးမှုသမိုင်းကြောင်းများကို ဧည့်ဝတ်ပျူငှာစွာကောင်းမွန်သည့် ဝန်ဆောင်မှုပေးခြင်းဖြင့် နိုင်ငံ့ပုံရိပ်ကိုမြှင့်တင်ကြရန်၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မှန်ကန်မွန်မြတ်သော စိတ်ထားဖြင့်နိုင်ငံ့ဂုဏ်ဆောင်နိုင်သော နိုင်ငံ့သားကောင်းများဖြစ်အောင် ကြိုးပမ်းလေ့လာသွားကြရန်” အမှာစကားပြောကြားခဲ့သည်။

ယင်းနောက် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ တိုင်းဒေသကြီးညွှန်ကြားရေးမှူး ဦးရဲအောင်မိုးက ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ(အခြေခံ)သင်တန်း ဖွင့်လှစ်သင်ကြားခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားခဲ့ပြီး သင်တန်းနည်းပြဆရာများအား ခရိုင်အုပ်ချုပ်ရေးမှူးဦးစိုး‌အောင်မှလည်းကောင်း၊ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ(အခြေခံ) သင်တန်းများမှ ဆုရသင်တန်းသား/သူများအား‌ စစ်ဗျူဟာအခြေချအဖွဲ့,(ကော့သောင်း)မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဦးတင်မောင်ကျော်မှလည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုများချီးမြှင့်ခဲ့ပြီး ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ (အခြေခံ)သင်တန်း တက်‌‌ရောက်အောင်မြင်ခဲ့ကြသည့် သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းအသိအမှတ်ပြုလက်မှတ်ကို ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ တိုင်း‌ဒေသကြီးညွှန်ကြားရေးမှူး ဦးရဲအောင်မိုးက သင်တန်းသားကိုယ်စားလှယ်တစ်ဦးထံ ပေးအပ်ခဲ့သည်။ အဆိုပါဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ(အခြေခံ)သင်တန်းအား ကော့သောင်းမြို့၊ (၅၅၅)တောင်ပေါ်ရှိ ဗြဟ္မာ့ဝိဟာရကျောင်းတွင် ဇွန်လ(၂၄)ရက်နေ့မှ ဇူလိုင်လ(၂၄)ရက်နေ့ထိ (၁)လတာဖွင့်လှစ်ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ(၆၆)ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)