ကာလိ နိုဝင်ဘာ ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့တွင် Quarantine Center ဆောင်ရွက်ထားရှိသည့် လွိုင်ချို(အ.မ.က)ကျောင်း နှင့် နမ့်ခုံးရှမ်းများပရဟိတရှိ ကန့်သတ်စောင့်ကြည့်ပြည်သူများအား ယနေ့ နံနက် (၁၀)နာရီအချိန်ခန့် က မေတ္တာဖွံ့ဖြိုးရေးဖောင်ဒေးရှင်း တောင်ကြီးရုံးခွဲအဖွဲ့မှ စားနပ်ရိက္ခာများ လာရောက်ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။
ထိုသို့ထောက်ပံ့ခြင်းတွင် မေတ္တာဖွံ့ဖြိုးရေးဖောင်ဒေးရှင်း တောင်ကြီးရုံးခွဲအဖွဲ့မှ ဒေါ်နန်းမြလေးနှင့် အဖွဲ့ဝင်များက ကာလိမြို့ရှိ Quarantine Center တွင် ကန့်သတ်စောင့်ကြည့်ပြည်သူများအား ဆန်၊ ဆီ၊ ဆား၊ ကြာဇံ၊ ခေါက်ဆွဲ၊ ပဲနီလေး၊ ဘာလချောင်၊ မှိုခြောက်၊ ဟင်းရည်ထုပ်၊ ကြက်သွန်နီ ၊ အာလူး ၊ တဘက်၊ ဆပ်ပြာမုန့်၊ ဆပ်ပြာခဲ၊ လက်ကိုင်ပလပ်၊ သွားတိုက်ဆေး၊ သွားတိုက်တံ၊ Spray ၊ လက်သည်းညှပ်၊ ခေါင်းလျှော်ရည်၊ လက်သန့်ဆေးရည် ပစ္စည်း(၂၁)မျိုးတို့ဖြင့် ကာလိမြို့တွင် အသွားအလာကန့်သတ် စောင့်ကြည့်ပြည်သူ ( ၂၂ ) ဦး အတွက် လာရောက်ထောက်ပံ့ပေးခဲ့ရာ တာဝန်ရှိသူများမှ လက်ခံရယူပေးခဲ့ကြောင်းသိရသည်။
အဆိုပါဆောင်ရွက်မှုတွင် ကွန်ဟိန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးဝင်း နှင့် ကွန်ဟိန်း၊ကာလိ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီအဖွဲ့များနှင့် ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ဝင်းကျော်(ကာလိ၊ပြန်/ဆက်)