ပြည်ကြီးတံခွန်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေး အသိပညာပေး ဟောပြောပွဲ၊ ပန်းခင်းစီမံချက်အဆင့်(၃)နှင့် Biometric ကွင်းဆင်းဆောင်ရွက်

ပြည်ကြီးတံခွန် ဇူလိုင် ၃၀

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း အသိပညာပေး ဟောပြောပွဲနှင့် ပန်းခင်းစီမံချက်အဆင့် (၃)၊ Biometric ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၉ နာရီက  အဆိုပါမြို့နယ်ရှိ (ဈ) ရပ်ကွက်၊ အ-ထ-က (၂၇)ကျောင်း၊ အောင်တံခွန်ခန်းမ၌ ကျင်းပသည်။      

အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းနိုင်က သန်းခေါင်စာရင်းအဓိပ္ပာယ်၊ ရည်ရွယ်ချက်နှင့် သမိုင်းကြောင်းတို့ကို ရှင်းလင်းဆွေးနွေးခဲ့ပြီး တိုင်းဒေသကြီး သန်းခေါင်စာရင်း ကော်မတီအတွင်း ရေးမှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးစိုးလွင်က သန်းခေါင်းစာရင်းဆိုင်ရာ မေးခွန်းပုံစံများ၊ ကောက်ယူမည့် ရည်ညွှန်းချိန်များကို တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ ကျောင်းသား/ကျောင်းသူများအား ပြန်လှန်မေးခွန်းဖြင့် ရှင်းလင်းဆွေးနွေးခဲ့သည်။ 

ထို့နောက် တိုင်းဒေသကြီး သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူးနှင့် တာဝန်ရှိသူများက သန်းခေါင်စာရင်းဆိုင်ရာ အသိပညာပေး ပြက္ခဒိန်များ၊ လက်ကမ်းစာစောင်များအား တက်ရောက်လာကြသည့် ပြည်သူများထံသို့ ဖြန့်ဝေပေးအပ်ခဲ့ပြီး လူဝင်မှုကြီးကြပ်‌ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တိုင်းဒေသကြီးဦးစီးမှုးက ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် ကွင်းဆင်းထုတ်ပေးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ကျောင်းသား/ ကျောင်းသူများထံသို့ ပေးအပ်ခဲ့သည်။ ဆက်လက်၍ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်နေမှုနှင့် ကွင်းဆင်းဆောင်ရွက်ထုတ်ပေးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားကိုင်ဆောင်သူ ကျောင်းသား/ကျောင်းသူများအား Biometric ဆိုင်ရာ ကွင်းဆင်း၍ UID ကတ်ပြားများ ထုတ်ပေးနေမှု အခြေအနေများအား ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း  သိရသည်။

ခရိုင်(ပြန်/ဆက်)