ပုံပါကျင် ဖေဖော်ဝါရီ ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့၊ ဘဝသစ်ကျေးရွာ ဘုရားကျောင်းတွင် ယမန်နေ့ နေ့လည်(၁) နာရီခွဲ အချိန်က ကျေးလက်ဒေသဖွံ့ဖြိုးရေး ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ဆွေးနွေးပွဲ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဆွေးနွေးပွဲတွင် ပုံပါကျင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ဝင့်စန္ဒီအိက ပြည်သူ့စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ ပုံပါကျင်မြို့ အုပ်ချုပ်ရေးမှူး ဦးစိုင်းအောင်ဆမ်က ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် သဘာဝဘေးကို လည်းကောင်း၊ ဒုရဲအုပ် ချစ်မျိုးဝင်းမောင်က ကျေးလက်နှင့် ယာဉ်အန္တရာယ် အကြောင်းကို လည်းကောင်း၊ ကျေးလက်ကျန်းမာရေးဦးစီးဌာန ဦးစီးမှူး ဦးမြင့်စိုးထွန်းက ကျန်းမာရေးအသိနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးကို လည်းကောင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တာဝန်ခံ ဦးအားဘော်က မွေးမြူရေး အသိပညာပေး ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီး ဟောပြောခဲ့ကြသည်။
ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော ကျေးရွာနေပြည်သူများက ကျေးရွာတွင် မွေးမြူထားသော နွားများအတွက် ကာကွယ်ဆေး ထိုးနှံခြင်းအစီအစဉ်၊ မီးဘေးအန္တရာယ်နှင့် လမ်းသွယ်များ ချဲ့ထွင်ခြင်း အစီအစဉ်များ၊ ကျေးရွာတွင် ဖွင့်လှစ်ထားသော ဓါတ်ဆီဆိုင်များကို မီးဘေးအန္တရာယ် အသိပညာပေး ဆောင်ရွက်ပေးရေးများကို တင်ပြဆွေးနွေးရာ တာဝန်ရှိသူများက အသီးသီး ဆွေးနွေး ဖြေကြားခဲ့ကြကြောင်း သိရသည်။
စန္ဒီ(ပြန်/ဆက်)