လူငယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကျောက်ပန်းတောင်းမြို့ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ

ကျောက်ပန်းတောင်း  ဇူလိုင်  ၃၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အစိုးရစက်မှုလက်မှု သိပ္ပံကျောင်း(ကျောက်ပန်းတောင်း)တို့ ပူးပေါင်း၍ ကျောင်းသားလူငယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကျင်းပပြုလုပ်သည့် လူငယ်စကားဝိုင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီက အဆိုပါကျောင်းရှိ စုဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဒုတိယကျောင်းအုပ်ဆရာကြီး ဦးဟန်ဝင်းအောင်က လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေသက်နွယ်က လူငယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်စကားဝိုင်းများကို ကျောင်းများအလိုက် ဆောင်ရွက်ပေးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် လူငယ်စကားဝိုင်းကို စတင်ကျင်းပရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိက ဦးဆောင်သူအဖြစ် ဆောင်ရွက်၍ ပထမနှစ် (Civil) မှ မောင်ပြည့်စုံက လူငယ်နှင့်အားကစားအကြောင်းကိုလည်းကောင်း၊ ပထမနှစ်(EC) မှ မမျိုးမြင့်မြတ်က လူငယ်နှင့် ယဉ်ကျေးမှု ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပထမနှစ်(EP)မှ မရွှန်းလက်မှူးအိမ်က လူငယ်နှင့် အလုပ်အကိုင် အခွင့်အလန်းခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပထမနှစ် (MECH) မှ မောင်သီဟနိုင်က လူငယ်နှင့် အင်တာနက် ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဝင်ရောက်ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲအပြီးတွင် တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများ၏ မေးမြန်းမှုများအပေါ် ပြန်လည် ရှင်းလင်းဆွေးနွေးကြသည်။

ယင်းနောက် စက်မှုအင်ဂျင်နီယာ ဌာနမှူး ဒေါ်မျိုးမျိုးဝင်းက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ဒုတိယကျောင်းအုပ်ကြီးက မြို့နယ်ဦးစီးအရာရှိ ဒေါ်မေသက်နွယ်အား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ကာ ပါဝင်ဆွေးနွေးခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး၍ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

အဆိုပါ လူငယ်စကားဝိုင်းသို့ ဒုတိယကျောင်းအုပ်ကြီး ဦးဟန်ဝင်းအောင်နှင့် ဌာနမှူးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများ စုစုပေါင်း အင်အား (၂၅၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)