သရက်ချောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Pfizer) ထပ်ဆောင်းထိုးနှံပေး

သရက်ချောင်း ဩဂုတ် ၁

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ အ.ထ.က သရက်ချောင်းကျောင်း (ပညာရတနာခန်းမ)၌ ဆရာ/ဆရာမများနှင့် မိသားစုဝင်များအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝင်းဇော်ဦး ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက ယမန်နေ့နံနက် ၈နာရီခွဲအချိန်က ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Pfizer) ထပ်ဆောင်းထိုးနှံပေးခဲ့သည်။

ယခုထိုးနှံသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးသည် ဂျာမဏီနိုင်ငံမှထုတ်လုပ်သည့် ကာကွယ်ဆေးဖြစ်ပြီး အဆိုပါကာကွယ်ဆေးထိုးနှံပေးရာတွင် ဆရာ/ဆရာမက ကာကွယ်ဆေးထိုးနှံသူများအား စာရင်းရေးသွင်းခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းဖြင့် စနစ်တကျ ထိုးနှံပေးခဲ့သည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာတွင် သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သရက်ချောင်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာမာကြူနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး‌စောင့်ရှောက်ရေးအသင်း အဖွဲ့ဝင်များက လိုအပ်သည်များကို ဝိုင်းဝန်းပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)