တနင်္သာရီ ဩဂုတ် ၄
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်ရှိ တနင်္သာရီမြစ်သည် ထားဝယ်ခရိုင်-မေတ္တာမြို့အနီး၌ မြစ်ဖျားခံ၍ တနင်္သာရီမြစ်(ဒေသခေါ်ချောင်းကြီးမြစ်)အဖြစ် စီးဆင်းလာခြင်းဖြစ်ပြီး ၎င်းချောင်းကြီးမြစ်အတွင်းသို့ ငဝန်ချောင်းဖျား(ဒေသခေါ်ချောင်းငယ်မြစ်)မှ မြစ်ရေများပေါင်းဆုံ၍ မြတ်မြို့နယ် အဝင် ပင်လယ်အတွင်းသို့ ဆက်လက်စီးဝင်သည့် မြစ်တစ်မြစ်ဖြစ်ပေသည်။
တနင်္သာရီမြစ်ရေသည် နှစ်တိုင်းလိုလို ဇူလိုင်လ/ ဩဂုတ်လနှင့်စက်တင်ဘာလများတွင် မြစ်ဖျားရှိထားဝယ်ခရိုင်အတွင်း(မေတ္တမြို့၌) မိုးများစွာရွာသွန်းခြင်းကြောင့်လည်းကောင်း/ ထို့အပြင် တနင်္သာရီမြို့နယ်အတွင်းရှိ သကျက်ချောင်း၊ သိန်ခွန်းချောင်းနှင့် ငဝန်ချောင်းတို့တွင် မိုးများစွာ ရွာသွန်းခြင်းကြောင့်လည်းကောင်း မြစ်ရေများတိုးမြင့်လာလေ့ရှိကာ မြစ်ရေတိုးချိန်တွင် အဆိုပါမြစ်နှစ်စင်းဆုံသည့်နှစ်သည် မြစ်ရေကြီးမှုအန္တရာယ်ကို ခံစားရလေ့ရှိပေသည်။
အဆိုပါ တနင်္သာရီမြို့နယ်၏ စိုးရိမ်ရေအမှတ်မှာ သာမန်မြစ်ရေအထက်(၁၇)ပေဖြစ်ပြီး အန္တရာယ်ရေအမှတ်မှာ(၂၄)ပေဖြစ်သည်။ တနင်္သာရီမြစ်ရေကြီးခြင်း မှတ်တမ်းများအရ အမြင့်ဆုံးမြစ်ရေကြီးမှုအဖြစ် ၁၉၉၄ ခုနှစ်၊ မြစ်ရေဖြစ်ပြီး အန္တရာယ်ရေအမှတ်ဖြစ်သည့် (၂၄)ထက်(၁၂ပေ-၄လက်မ)ကျော်လွန်၍ (၃၆ပေ-၄လက်)အထိ မြစ်ရေဝင်ရောက်ခဲ့သဖြင့် မြို့နယ်တစ်ခုလုံး ရေကြီးနှစ်မြုပ်မှုဒဏ်ကို ရက်ရှည်ခံစားခဲ့ရကြောင်း မှတ်တမ်းများအရ သိရှိရသည်။
ယခုနှစ် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ(၃၁)ရက်နေ့ နံနက် ၆ နာရီတွင် တနင်္သာရီမြစ်ရေသည် အန္တရာယ်ရေ အမှတ်ထက်(၇)ပေကျော်လွတ်၍ (၃၁)ပေအထိကြီးမြင့်ခဲ့သောကြောင့် ၁၉၉၄ ခုနှစ်နောက်ပိုင်း နှစ်(၃၀)ကာလအတွင်း ဒုတိယအကြိမ်၊ မြစ်ရေအကြီးဆုံးနှစ်အဖြစ် သတ်မှတ်နိုင်ခဲ့ပြီး ယခုအခါမြစ်ရေများ တဖြည်းဖြည်းပြန်လည်ကျဆင်းလျက်ရှိရာ ဩဂုတ်လ ၃ ရက် မွန်းလွဲ ၁၂ နာရီအချိန် တိုင်းထွာချက်အရ အန္တရာယ်ရေ အမှတ်(၂၄)ပေအောက်(၂ပေ)လျော့နည်း၍(၂၂ပေ)အထိ ပြန်လည်လျော့ကျနေကြောင်း သိရှိရသည်။
သို့ပါ၍တနင်္သာရီမြစ်ရေသည် ယခုအခါ(ထုံခါးလမ်းအပိုင်း)ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ လယ်တောင်ရွာကျေးရွာအနီး မိုင်တိုင်အမှတ် (၈၃၄.၀Km မှ ၈၃၅.၀km)အကြား အလျား (ပေ၁၀၀၀)ခန့်နှင့်အနက်(၆ပေ)ခန့်မြစ်ရေကျန်ရှိနေပြီး၊ မြိတ်-တနင်္သာရီလမ်းမကြီးတလျှောက်နှင့် တနင်္သာရီ-ညောင်ပင်ကွင်း -သဘော့လိပ်-သဲဖြူရွာ-မောတောင်မြို့များသို့သွားသည့်လမ်းမပေါ်တွင် မြစ်ရေများလုံးဝ(လုံးဝ) မကျန်ရှိတော့သဖြင့် ယာဉ်ကြီး/ယာဉ်ငယ်များ ဖြတ်သန်းသွားလာ၍ ရနေပြီဖြစ်ကြောင်း သိရှိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)