ဆွမ်ပရာဘွမ် နိုဝင်ဘာ ၁၈
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် စာပေချစ်မြတ်နိုး သူ (Book Club) အသင်းတို့ ပူးပေါင်း၍ စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီခွဲက မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ကုဋေသန်းသန်းဌေးက စာဖတ်ဝိုင်း ဆောင်ရွက်ရခြင်းဖြင့် မြို့နယ်အတွင်း စာအုပ်စာပေဖတ်ရှုသူ တိုးပွားလာစေရန်၊ အသိပညာဗဟုသုတများ အပြန်အလှန်ဖလှယ် တတ်စေရန်၊ စုပေါင်းဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရစေရန်ရည်ရွယ်၍ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး၊ မြို့နယ် စာပေချစ်မြတ်နိုးသူ (Book Club)အသင်းဥက္ကဋ္ဌ ဒေါ်နီနီထွန်းက ဆရာဖေမြင့်၏ တန်ဖိုး ထားအပ်သောအရာများ စာအုပ်မှအကြောင်း အရာများကိုလည်းကောင်း၊ မြို့နယ် စာပေချစ်မြတ်နိုးသူ (Book Club) အသင်းအဖွဲ့ဝင် ဒေါ်ဂျာဆိုင်းက ဆရာဖေမြင့်၏တန်ဖိုးထားအပ်သောအရာများ စာအုပ်မှ“ သူတစ်ပါးကိုပဲ လက်ညှိုးထိုးချင်သူ” ခေါင်းစဉ်ပါ အကြောင်းအရာများကို လည်းကောင်း၊ စာပေဝါသနာရှင် ဦးကျော်လင်းသိန်းက ဆရာဖေမြင့်၏ တန်ဖိုးထားအပ်သော အရာများ စာအုပ်မှ “တစ်ခါတစ်ရံ အရှိကိုအရှိအတိုင်း” ခေါင်းစဉ်ပါ အကြောင်းအရာများကို လည်းကောင်း၊ စာပေဝါသနာရှင် ဦးဝင်းလှိုင်က “အတိုင်းအတာ မသိတဲ့လူ” ခေါင်းစဉ်ပါ အကြောင်းအရာများ ကိုလည်းကောင်း ဆွေးနွေးပြီး တက်ရောက်လာ သူများကလည်း စာအုပ်တွင် ပါဝင်သည့် အကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးကြသည်။
အဆိုပါဆွေးနွေးပွဲကို စာပေချစ်မြတ်နိုးသူ (Book Club) အသင်းဝင်များနှင့် စာပေဝါသနာရှင်များ တက်ရောက် ခဲ့ကြောင်း သိရသည်။
ကုဋေ (ပြန်/ဆက်)