မန္တလေးမြို့ပေါ်ရှိ Quarantine Center များတွင် အသုံးပြုရန်အတွက် တစ်မြို့နယ်လျှင် ကျပ်သိန်း(၂၀)စီ လှူဒါန်းပေးအပ်

မန္တလေး၊ နိုဝင်ဘာ  ၁၉


မန္တလေးမြို့ပေါ်ရှိ မြို့နယ်များတွင် ဖွင့်လှစ်လျက်ရှိသော Quarantine Center များတွင် လိုအပ်သည့် လုပ်ငန်းများတွင် အသုံးပြုရန်အတွက် မန္တလေးမြို့ ကျောက်မျက်လုပ်ငန်းရှင်များအသင်းက မြို့နယ်(၆)မြို့နယ် အတွက် တစ်မြို့နယ်လျှင် ကျပ်သိန်း(၂၀)စီဖြင့် ယမန်နေ့က Quarantine Centerသို့ သွားရောက် လှူဒါန်းခဲ့ ကြောင်း သိရှိရသည်။
မဟာအောင်မြေမြို့နယ်အတွက် လှူဒါန်းသော ကျပ်သိန်း(၂၀)ကို စိန်ပန်း အထက (၂၄)တွင် ဖွင့်လှစ်ထားသော Quarantine Center တွင် လာရောက်လှူဒါန်းရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးငြိမ်းသစ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်အောင်တို့က လက်ခံရယူပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်ထံ ပြန်လည်ပေးအပ်ခဲ့သည်။ မန္တလေးကျောက်မျက်လုပ်ငန်းရှင်များ အသင်းသည် မဟာအောင်မြေမြို့နယ် Quarantine Center သို့ ပေးအပ်လှူ ဒါန်းသကဲ့သို့ ပြည်ကြီးတံခွန်မြို့နယ်၊ ချမ်းမြသာစည်မြို့နယ်၊ ချမ်းအေးသာဇံမြိုနယ်၊ အောင်မြေသာစံမြို့နယ်နှင့် အမရပူရ မြို့နယ်တို့ရှိ Quarantine Center များကိုလည်း လှူဒါန်းခဲ့သည်။
မဟာအောင်မြေမြို့နယ် အထက (၂၄) Quarantine Centerကို နိုဝင်ဘာလ (၁၃)ရက်နေ့တွင် လူဦးရေ (၁၅၀)ဆံ့အဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး မန္တလေးခရိုင်တွင် ဇီးပင်ကြီးဗဟိုဝန်ထမ်းတက္ကသိုလ်၊ ကန်တော်ကြီး ဇီဝိတဒါန သံဃာ့ ဆေးရုံ၊ မန္တလာတက္ကသိုလ်၊ ဧရာဝတီစင်တာ၊ မန္တလေးပညာရေးကောလိပ်၊ ရတနာပုံတက္ကသိုလ်နှင့် မန္တလေးမြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင်လည်း Quarantine Centerများ ဖွင့်လှစ်ကာ ဆောင်ရွက်လျက်ရှိသည်။
မန္တလေးခရိုင်တွင် နိုဝင်ဘာလ (၁၇)ရက်နေ့ ထုတ်ပြန်ချက်များအရ  ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ (၂၆၄၅)ဦး၊ ကုသဆဲလူနာ (၉၀၃)ဦး၊ ဆေးရုံမှ ဆင်းရသူ (၁၇၂၅)ဦးနှင့် သေဆုံးသူ (၁၇)ဦးရှိပြီး Quarantine Center (၇)ခုထားရှိကာ လူဦးရေ (၉၉၀)ကို Quarantine ထားရှိထားကြောင်း သိရသည်။
ထွန်းထွန်းနိုင်