ညောင်ဦးမြို့နယ်တွင် CERP အစီအစဉ်ဖြင့် စိုက်ပျိုးထားသည့် မိုးစပါးစံကွက် တစ်ဧက ၁၄၅ တင်းထွက်ရှိ


ညောင်ဦး နိုင်ဝင်ဘာ ၁၉


မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်အတွင်း စိုက်ပျိုးရေးဦးစီးဌာနမှ CERP အစီအစဉ်ဖြင့် စိုက်ပျိုးထားသည့် မိုးစပါးမျိုးစေ့ထုတ်ကွက် စံကွက်ရိတ်သိမ်းရာ ပျမ်းမျှတစ်ဧက ၁၄၅ တင်းနှုန်းထွက် ရှိကြောင်းသိရသည်။
ညောင်ဦးမြို့နယ်၊ လောကနန္ဒာမြစ်ရေတင် စီမံကိန်းဖြင့် စိုက်ပျိုးရေးဦးစီးဌာနက CERP အစီအစဉ်အရ စိုက်ပျိုးထားသည့် နတ်ကြို့အိုင်ရွာမှ တောင်သူဦးချိန်၏ ဆင်းသုခ မျိုးစေ့ထုတ်ကွက်(၀.၁၀)ဧက စံကွက် ရိတ်သိမ်းပွဲကို ယမန်နေ့နံနက်ပိုင်းကပြုလုပ်ရာ ညောင်ဦးခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်မင်းမင်းသွင်၊ မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဒေါ်ခင်ဌေးရီနှင့်ဝန်ထမ်းများ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီး ဌာနမှဝန်ထမ်းများ၊ ဒေသခံတောင်သူကြီးများစုပေါင်း၍ စံကွက်ရိတ်သိမ်းခဲ့ရာ တစ်ဧကပျမ်းမျှအထွက်နှုန်း ၁၄၅ တင်းနှုန်းထွက်ရှိကြောင်း၊ အခြားမြစ်ရေတင်စီမံကိန်းမှ မိုးစပါးစံကွက်များသည်လည်း ယခုနိုဝင်ဘာလကုန်တွင် စတင်ရိတ်သိမ်းနိုင်မည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ထားအိအိလှိုင်ထံမှ သိရသည်။
ညောင်ဦးမြို့နယ်အတွင်း ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် မိုးစပါးမျိုးစေ့မျိုးသန့်ထုတ်ကွက် လက်ပံခြေပေါ်မြစ်ရေတင်ဖြင့် မနောသုခ ၁၀ ဧက၊ ငါ့သရောက်မြစ်ရေတင်ဖြင့် ဆင်းသုခ ၂၀ ဧက၊ သူကောင်းတည်မြစ်ရေတင်ဖြင့် ဆင်းသုခ ၂၀ ဧက၊ လောကနန္ဒာမြစ်ရေတင်ဖြင့် ဆင်းသုခ ၁၀ ဧက/ မနောသုခ ၁၀ ဧက စံကွက်စုစုပေါင်း ဧက ၇၀ ကို တောင်သူ ၂၈ ဦးတို့က စိုက်ပျိုးထားရှိပြီး ပင်ပွားချိန်၊ ပွင့်ချိန် နှင့် ရင့်မှည့် ချိန်များတွင် စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးကြပ်၍ မျိုးကွဲစစ်ဆေးခြင်းနှင့် မျိုးကွဲပယ်ခြင်းများ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဖေလိန်း(ပုဂံ)