မန္တလေးလူငယ်သင်တန်းကျောင်းတွင် သုံးထပ်ဆောင် ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် သင်တန်း ခန်းမဆောင်သစ် ဖွင့်ပွဲအခမ်းအနားကျင်းပ

မန္တလေး နိုဝင်ဘာ ၁၉

မန္တလေး လူငယ်သင်တန်းကျောင်းတွင် သုံးထပ်ဆောင် ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် သင်တန်းခန်းမဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ ၁၂လမ်းနှင့် ၇၃လမ်းထောင့်၊ မန္တလေး လူငယ်သင်တန်းကျောင်း၌ ကျင်းပသည်။

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးမျိုးသစ်က အဖွင့်အမှာစကားပြောကြားပြီး RC သုံးထပ်ကျောင်းဆောင်သစ်အား ဝန်ကြီးနှင့်တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ထို့နောက် အလှူရှင်ဦးဝေဖြိုး (နေလဖောင်ဒေးရှင်း) က ကျောင်းဆောင်သစ် ဆောက်လုပ် လှူဒါန်းခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး အလှူရှင်များက အဆောက်အဦများနှင့် သက်ဆိုင်သော စာရွက်စာတမ်းများအား မန္တလေး လူငယ်သင်တန်းကျာင်းအုပ် ဒုတိယ ညွှန်ကြားရေးမှူး ဦးသန်းအောင်ထံ လွှဲပြောင်းပေးအပ်၍ ကျောင်းအုပ်မှ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်း ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးဇော်မင်းက ကျေးဇူးတင်စကား ပြောကြားသည်။

မန္တလေး လူငယ်သင်တန်းကျောင်းသို့ အလှူရှင်များက လှူဒါန်းမှုများမှာ နေလဖောင်ဒေးရှင်းမှ လှူဒါန်းသော RC သုံးထပ်ကျောင်းဆောင်သစ်နှင့် ထိုင်ဝမ်အခြေပြု World Vision အဖွဲ့မှ ဆောက်လုပ်လှူဒါန်းသော Steel Structure တစ်ထပ် သင်တန်းခန်းမဆောင်သစ်တို့ဖြစ်ပြီး RC သုံးထပ်ကျောင်းဆောင်အသစ်မှာ အလျား ၁၁၀ ပေ၊ အနံ ၄၄ ပေရှိပြီး ကုန်ကျငွေကျပ် ၃၃၃ သန်းရှိကြောင်း သိရသည်။

ဇော်လင်းဦး(အောင်စံ)