မန္တလေး နိုဝင်ဘာ ၁၉
ကိုဗစ်-၁၉ရောဂါနှင့်ပတ်သက်၍ ပြသနိုင်ရန် မန္တလေးမြို့၌ ဖွင့်လှစ်ထားသည့် ဖျားနာ ကုသရေး ဆေးခန်း (Fever Clinic Centre) ၃ ခုတွင် လာရောက်ပြသည့် လူနာများ ယခင်ကထက် ပိုများလာကြောင်း မြန်မာနိုင်ဆရာဝန်များအသင်း (မန္တလေးတိုင်းဒေသကြီး) COVID – 19 Response Team Working Committee မှ သိရသည်။
" ကိုဗစ်ဒုတိယလိုင်းမှာ ပထမဆုံးစဖွင့်တဲ့ ချမ်းမြသာစည်က ဆေးခန်းကို လာပြတဲ့သူ စက်တင်ဘာလမှာ ၁၀၀ ဦးရှိတယ်၊ မန္တလေးဆေးရုံကြီးကို ၁၆ ယောက်လွှဲရတယ်၊ အောက်တိုဘာလမှာ ၈၄ ယောက်ရှိတယ်၊ ဆေးရုံကြီးကို ၁၅ ယောက်လွှဲရတယ်၊ အဲဒီထဲက ၄ ယောက် Positive တွေ့ရတယ်၊ အောင်မြေသာစံမြို့နယ်က ဆေးခန်းကို စက်တင်ဘာလ ၁၄ ရက်နေ့ကနေ စဖွင့်တယ်၊ စက်တင်ဘာလအတွင်း လာပြသူ ၁၂၅ ယောက်ရှိတယ်၊ ၁၀ ယောက်ကို ဆေးရုံကြီးလွှဲရပြီး ၃ ယောက်က Positive တွေ့ရတယ်၊ အောက်တိုဘာလမှာ ပြသသူများလာပါတယ်၊ အောက်တိုဘာလကုန်ထိ လာပြသူ ၂၀၁ ယောက်ရှိပြီးတော့ ၄၀ ယောက်ကို ဆေးရုံကြီးလွှဲရတယ်၊ ၁၃ ယောက် Positive တွေ့ရတယ်၊ နိုဝင်ဘာ ၁ ရက်ကနေ ၁၄ ရက်ထိ ၂ ပတ်အတွင်းမှာဆိုရင် လာပြသူ ၆၁ ယောက်ရှိပြီး ၂၁ ယောက် ဆေးရုံကြီးကို လွှဲရ တယ်၊ ၅ ယောက်က Positive တွေ့ရတယ်၊ နိုဝင်ဘာလ ၅ ရက်နေ့ကစဖွင့်ခဲ့တဲ့ ချမ်းအေးသာစံ မြို့နယ် ဆေးခန်းဆိုရင် မနေ့ကထိ လာပြသူ ၃၃ ယောက်ရှိပြီး ၁၀ ယောက်ကို ဆေးရုံကြီး လွှဲရတယ်၊ အဲဒီထဲ ၃ ယောက်က Positive တွေ့ရတယ်၊ လာပြတာ ခန့်မှန်း ၃၀ ရာခိုင်နှုန်း လောက်တက်လာတယ်လို့ ပြောလို့ရပါတယ်" ဟု မြန်မာနိုင်ငံ ဆရာဝန်များအသင်း (မန္တလေးတိုင်းဒေသကြီး) COVID – 19 Response Team Working Committee ဥက္ကဋ္ဌ ဒေါက်တာခင်မောင်ကျော်က ပြောသည်။
ကိုဗစ်ကာလတွင် Stay at Home နေရ၍ ကျန်းမာရေးကိစ္စဖြင့် ဆေးခန်းသွားရန် အလွယ်တကူ မဖြစ်သည့်အချိန်၊ ကိုဗစ်ရောဂါနှင့်ပတ်သက်၍ တိုင်ပင်ဆွေးနွေးမေးမြန်းရန် အခက်အခဲများ ကြုံတွေ့ချိန်တို့တွင် လမ်းညွှန်မှုများ၊ အကြံဉာဏ်များရရှိစေရန် Call Center ရှိ ဆရာဝန်များ၏ ဖုန်း နံပါတ်များအား နေ့စဉ်နံနက် ၉ နာရီမှ ည ၇နာရီအတွင်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။
"Call Center တွေကို ပြီးခဲ့တဲ့လ ၁၀ ရက်နေ့က စခဲ့ပါတယ်၊ အဲဒီအတွက် ဆရာဝန် ၈ ယောက်ကို တာဝန်ပေးထားပြီးတော့ ဆရာဝန် ၇ ယောက်ရဲ့ ဖုန်းနံပါတ်တွေကိုလည်း သက်ဆိုင်ရာသတင်းစာတွေ Facebook စာမျက်နှာတွေမှာ ကြေညာထားပါတယ်၊ တစ်နေ့ကို ဆရာဝန်တွေဆီမှာ လူနာ ၃ ယောက်ကနေ ၁၀ ယောက်လောက်ထိ ဖုန်းနဲ့ဆက်ပြီးတော့ အနယ်နယ်အရပ်ရပ်က လှမ်းပြီးမေးကြတာတွေရှိပါတယ်၊ မေးတဲ့အခါမှာ ပြသနာက ဘာဖြစ်မလဲဆိုရင် မေးတဲ့သူတွေရဲ့ နာမည်နဲ့ နေရပ်လိပ်စာမေးရင် အတိအကျ မဖြေကြတာမျိုး တွေ့ရတယ်၊ သူတို့က နာမည်၊ လိပ်စာတွေပြောရင် ကွာရန်တင်းဝင်ဖို့ ပြောမလားဆိုပြီး စိုးရိမ် ကြတယ်ထင်တယ် " ဟု ဆက်ပြောသည်။
မန္တလေးမြို့တွင် ဖျားနာကုသရေးဆေးခန်းများကို စက်တင်ဘာလကစပြီး ပြန်လည်ဖွင့်လှစ်ခဲ့ရာ ချမ်းမြသာစည်မြို့နယ်၊ ၁၀၇ လမ်း၊ ၅၅ လမ်းနှင့် ၅၆ လမ်းကြား၊ အောင်သာယာဈေးအရှေ့၊ ထွန်းတုံးကျန်းမာရေးဌာနခွဲတွင် ဖျားနာကုသရေးဆေးခန်းနှင့် အောင်မြေသာစံမြို့တွင် ၁၂ လမ်း၊ ၇၅ လမ်းနှင့် ၇၆ လမ်းကြားရှိ အောင်မြေသာစံမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရုံးတွင် ဖွင့်လှစ်ထားသော ဖျားနာကုသဆေးခန်းကို ပိတ်ရက်မရှိ မနက် ၉ နာရီမှ ၁၁ နာရီအထိ ဖွင့်လှစ် ထားကြောင်း၊ ချမ်းအေးသာစံမြို့နယ်၊ ၆၂ လမ်း၊ ၃၃လမ်းနှင့် ၃၄ လမ်းကြားရှိ ဗြဟ္မစိုရ် လူမှုကူညီရေးအသင်း (မန္တလေး) ဝင်းအတွင်းရှိ ဖျားနာကုသရေးဆေးခန်းကို မွန်းလွဲ ၂ နာရီမှ ညနေ ၄ နာရီအထိ ပိတ်ရက်မရှိ ဖွင့်လှစ်ထားကြောင်း သိရသည်။
ထိပ်ထားနိုင်