မိုင်းစံမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးဟောပြောပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

မိုင်းစံ ဩဂုတ် ၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ပြုလုပ်ဆောင်ရွက်ခြင်းကို ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်တွင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဥမ္မာထွေးက အသက်မပြည့်သေးသည့် ကလေးများအား သွေးဆောင်ဖြားယောင်းခိုင်းစေနေခြင်းအကြောင်း၊ ဘေးအန္တရာယ်ကျရောက်နေသော ကလေးအလုပ်သမား၊ ပါဝင်ပတ်သက်သူများ၏ တုံ့ပြန်ချက်များ၊ ကလေးသူငယ်အလုပ်သမားသည် တရားမဝင်ပါ၊ ကလေးအလုပ်သမားပပျောက်ရေး ပူးပေါင်းကာကွယ်ဆောင်ရွက်ပေး စသည်တို့ကို ဟောပြောခဲ့ပြီးနောက် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ပြိုင်ပွဲတွင် မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်းမှ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၄၀)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲတွင် ဆုရရှိခဲ့သည့် ကျောင်းသား၊ ကျောင်းသူများကို မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဥမ္မာထွေးနှင့် ဝန်ထမ်းများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းစာအပြင် ပြင်ပဗဟုသုတများတိုးပွားစေရေးအတွက် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုမှတ်သားခဲ့ကြကြောင်း သိရသည်။

မိုင်းစံ (ပြန်/ဆက်)