နေပြည်တော် ဩဂုတ် ၉
စာအုပ်စာပေများဖတ်ရှုလေ့လာခြင်းဖြင့်ရရှိသည့် အတွေးအမြင်ဗဟုသုတများကို စာဖတ်သူအချင်းချင်း ဖလှယ်ဆွေးနွေးနိုင်ရန်အတွက် နေပြည်တော်စာရေးဆရာများ၊ စာရေးဆရာမများနှင့် စာပေဝါသနာရှင်များက စာရေးဆရာကြီး ဒေါက်တာခင်မောင်ညိုရေးသားသည့် ''လူငယ်နှင့် အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း'' စာအုပ်ဖြင့် ယနေ့နံနက်ပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏခရိုင်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)၊ စာရေးဆရာမ မေချို(ပျဥ်းမနား)၊ စာရေးဆရာ အိုင်ပီမျိုးအောင်၊ စာရေးဆရာ သဘာဝ၊ စာရေးဆရာ မောင်လေပြေ(တောင်တွင်း)၊ စာရေးဆရာ ရွှေပြည်စိုး(မိုးကုတ်)၊ စာရေးဆရာမ လုံမငယ်(လူမှု)၊ စာရေးဆရာ အညာသားဗထူး၊ စာရေးဆရာ ကျော်မြင့်လွင်(မှော်ဝန်း)၊ စာရေးဆရာမ နန်းနန်း (စပါးကျီ) နှင့် စာပေဝါသနာရှင်များက စာရေးဆရာကြီး ဒေါက်တာခင်မောင်ညို ရေးသားသည့် ''လူငယ်နှင့် အကောင်းဆုံသောဘဝကို တည်ဆောက်ခြင်း'' စာအုပ်တွင်ပါဝင်သည့် “လူငယ်နှင့်အမှား၊ လူငယ်နှင့်အောင်မြင်ခြင်း၊ လူငယ်နှင့် စူးစမ်းစိတ်၊ လူငယ်နှင့်ဘေးအန္တရာယ်၊ လူငယ်နှင့်တာဝန်သိမှု၊ လူငယ်နှင့်အလှအပ၊ လူငယ်နှင့် လူမှုရေးအတွေးများ၊ လူငယ်နှင့်ဒဿန” စသည့် ခေါင်းစဉ်များအလိုက် ဖတ်ရှု၍ မိမိတို့၏ ရှုထောင့်အသီးသီးမှ သုံးသပ်ဆွေးနွေးခဲ့ပြီး စာရေးသူ၏ ခံစားမှုရသများကို အပြန်အလှန် ဆွေးနွေးဖလှယ်ခဲ့ကြကြောင်း သိရသည်။
နေထက်ပိုင်(ပြန်/ဆက်)