ပန်နန်းဒင်မြို့၌ Online ပေါ်မှ စာအုပ်များ ဖတ်ပြခြင်းပြုလုပ်

ပန်နန်းဒင်  နို၀င်ဘာ ၁၉

ကချင်ပြည်နယ် ပူတာအိုခရိုင် ပန်နန်းဒင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်သူ့ စာကြည့်တိုက် Online ပေါ်မှ စာအုပ်ဖတ်ပြခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်တွင် ပြုလုပ် ခဲ့ကြောင်း သိရသည်။

အဆိုပါ စာအုပ်ဖတ်ပြခြင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပန်နန်းဒင်မြို့ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ဖုန်ကူးခါ့မိုင်က ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း စာကြည့်တိုက်ကို ယာယီပိတ်ထားချိန်တွင် ပြည်သူ့စာကြည့်တိုက်ရှိ စာအုပ်များထဲက စာဖတ် ပရိတ်သတ်များ နှစ်သက်သည့် စာအုပ်များကို ရွေးချယ်ကာ Online ပေါ်မှ အပတ်စဉ် ပုံပြင်ပြောပြခြင်း၊ စာအုပ်များ မိတ်ဆက်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိရာ နို၀င်ဘာ ၁၈ ရက်နေ့တွင် စာရေးဆရာ ကျော်ကျော်လှိုင် ရေးသားထားသည့် "ပျော်ရွှင်ခြင်း" စာအုပ်ကို ဖတ်ပြခဲ့ကြောင်း သိရသည်။

အဆိုပါ Onlineပေါ်က စာအုပ်ဖတ်ပြခြင်းကို အပတ်စဉ်ပြုလုပ်လျက်ရှိရာ နောက်အပတ်မှာလည်း စာဖတ်ပရိတ်သတ်များ နှစ်သက်မည့် အခြားသော စာအုပ်ကောင်းများ ရွေးချယ်ကာ ဖတ်ပြသွားမည် ဖြစ်ကြောင်း သိရသည်။

နောယော်ဘော်(ပြန်/ဆက်)