ဗန်းမော် နိုဝင်ဘာ ၁၉
ကချင်ပြည်နယ် ဗန်းမော်မြို့တွင် မန္တလေး-လားရှိုး-ဗန်းမော်-မြစ်ကြီးနားလမ်းရှိ ဆဝမ်ကထောင်ဂိတ်တွင် တန်ပို စစ်ဆေးမည့် ကတ္တားနှင့်ပတ်သက်၍ လုပ်ငန်းစဉ်ချပြရှင်းလင်းခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်က ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ)ရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းက အဖွင့်အမှာစကား ပြောကြားပြီး အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ကိုကိုက အမျိုးသားလွှတ်တော်တွင် တန်ပိုကတ္တားတင်ပြ တောင်းခံခဲ့ခြင်း နှင့်ပတ်သက်၍ ပြောကြားခဲ့သည်။
ယင်းနောက် ခရိုင်လမ်းဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး(မြို့ပြ) ဦးခိုင်ထွန်းဇော်နှင့် မံစီမြို့နယ်လမ်းဦးစီးဌာနမှ ဦးစီးအရာရှိ(မြို့ပြ) ဦးသက်မျိုးနိုင်တို့က တန်ပိုကတ္တားနှင့် တန်ပို ယာဉ်များအား အရေးယူဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ကာ တက်ရောက် လာသူများက အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
မန္တလေး-လာရှိုး-ဗန်းမော်-မြစ်ကြီးနားလမ်း KM(569.50)ရှိ ဆဝမ်ကထောင်ဂိတ်တွင် တပ်ဆင်ထားရှိသော တန်ပိုချိန်သည့် ကတ္တား(Weight Bridge)ကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ကိုကိုက လွှတ်တော်၌ တင်ပြမေးမြန်းခဲ့ပြီး (၂၀၁၉-၂၀၂၀)ဘဏ္ဍာရေးနှစ် ပြည်နယ်ဖြည့်စွက် ရန်ပုံငွေ ကျပ်(၇၉ ဒသမ ၆၀၀)သန်းဖြင့် ကတ္တားကြီး (Weight Bridge) (58'x1)တည်ဆောက်ခြင်း၊ အရှည်(30.5 m)၊ အကျယ်(5.5m)ချဉ်းကပ်လမ်းနှင့် ကတ္တားထိန်းသိမ်းရေးဂိတ် (20'x30')သွပ်မိုးထရံကာ အဆောက်အဦ (၁)လုံး တည်ဆောက်ခြင်းတို့ကို ပြည့်စုံဟိန်းကုမ္ပဏီက တင်ဒါအောင်မြင်ခဲ့၍ စက်တင်ဘာ ၉ ရက်နေ့က လုပ်ငန်းစတင်ခဲ့ကာ နိုဝင်ဘာ ၄ ရက်နေ့က လုပ်ငန်းအားလုံး ပြီးစီးခဲ့ပြီဖြစ်သည်။
အဆိုပါ ကတ္တားကြီးကို စတင်အသုံးပြုတော့မည်ဖြစ်၍ နိုဝင်ဘာ ၁၁ ရက်မှ ၂၄ ရက်နေ့အထိ ပညာပေးကာလ သတ်မှတ်ထားပြီး ယင်းရက်များ ကျော်လွန်ပါက သတ်မှတ်ကုန်တင်ချိန်ထက် ကျော်လွန်သည့် မော်တော်ယာဉ် များအား မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ ဖမ်းဆီးအရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။
အလားတူ မန္တလေး-တကောင်း-ဗန်းမော်လမ်း (ကျေးတောကြီလမ်းဆုံဂိတ်)တွင်လည်း (၂၀၂၀-၂၀၂၁) ဘဏ္ဍာရေးနှစ် ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေကျပ် (၉၀ ဒသမ ၀၀၀)သန်းဖြင့် လုပ်ငန်းတင်ဒါခေါ်၍ ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)