ရိခေါ်ဒါရ် နိုဝင်ဘာ ၁၉
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ရိခေါ်ဒါရ်မြို့၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား နိုင်ငံတော်မှ ထောက်ပံ့သည့် ထောက်ပံ့ငွေများကို ယမန်နေ့က ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့များက သက်ဆိုင်ရာအိမ်ထောင်စုများ အလိုက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ငွေများပေးအပ်ရာတွင် ရိခေါ်ဒါရ်မြို့ အမှတ်(၁)ရပ်ကွက်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု တစ်စုလျှင် ထောက်ပံ့ငွေကျပ် (၂၀၀၀၀)နှုန်းဖြင့် အိမ်ထောင်စု (၂၀)စုတို့အား အိမ်တိုင်ရာရောက် ထောက်ပံ့ပေးခဲ့ကြောင်း၊ အမှတ်(၂)ရပ်ကွက်ရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု တစ်စုလျှင် ထောက်ပံ့ငွေကျပ် (၂၀၀၀၀)နှုန်းဖြင့် အိမ်ထောင်စု (၂၀၀)စုတို့အား အမှတ်(၂)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ လည်းကောင်း ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီး ရိခေါ်ဒါရ်မြို့ပေါ် ရပ်ကွက် နှစ်ခုအတွင်းရှိ အိမ်ထောင်စုပေါင်း (၂၂၀)စု တို့အတွက် ထောက်ပံ့ငွေကျပ်ပေါင်း (၄၄၀၀၀၀၀)အား သက်ဆိုင်ရာ အိမ်ထောင်စုများအလိုက် ထောက်ပံ့ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
လာလ်ပက်လောမ် (ပက်ကာ)