တာလေမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

တာလေ ဩဂုတ် ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ပူးပေါင်း၍  ယနေ့နေ့လယ် (၁) နာရီခွဲက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာရေးဆရာ ဇေရတု (မြန်မာပြန်) ရေးသားသည့် “ချစ်ခြင်း‌မေတ္တာနှင့်‌ခေါင်းဆောင်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးပြည့်ဖြိုးဇော်က အများပြည်သူများ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေဖတ်ရှုသည့် အလေ့အထများ ဖြစ်ပေါ်စေရေးနှင့် စာဖတ်ဝိုင်းဆောင်ရွက်ခြင်းဖြင့် ပြောဆိုဆွေးနွေးသည့် အခွင့်အလမ်းများရရှိကာ ဗဟုသုတများ တိုးပွားရရှိစေရန်ရည်ရွယ် ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း၊ “ချစ်ခြင်း‌မေတ္တာဖြင့်ခေါင်းဆောင်ခြင်း” စာအုပ်သည် ခေါင်းဆောင်မှုအဓိပ္ပါယ်၊ ခေါင်းဆောင်ကောင်းတို့၏ စိတ်နေစိတ်ထား၊ ကိုယ့်ကျိုးစွန့်အနစ်နာခံပုံစသည့် အကြောင်းအရာများကို ရှင်းလင်းရေးသားထားသော စာအုပ်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ယင်းနောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များက ခေါင်းဆောင်စိတ်ဓာတ်ရှိသူတို့၏ ခွင့်လွှတ်သည်းခံတတ်မှု၊ ခေါင်းဆောင်နှင့်ခေါင်းရှောင်တို့၏ခြားနားမှု၊ အားကိုးယုံကြည်ထိုက်‌သော ခေါင်းဆောင်တို့သည် ချစ်ခြင်း‌မေတ္တာနှင့်ခေါင်းဆောင်ကြပုံ စသည့်အကြောင်းအရာ အချက်အလက်များအား အကျယ်တဝင့်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မိုးလရောင်(ပြန်/ဆက်)